မကွေးမြို့တွင်းရှိ ခွေးများအား ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးပေးနေ

မကွေးမြို့တွင်းရှိ ခွေးများအား ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးပေးနေ

ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ဖြစ်သော ယနေ့ စက်တင်ဘာ ၂၈ရက်နေ့တွင် မကွေးမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ မကွေးမြို့တွင်းရှိ ခွေးများအား ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးပေးနေကြောင်း သိရသည်။

ခွေးရူးကာကွယ်ရေးဆေးများ ခွေးအကောင်ရေ ၂၀၀၀ စာအတွက် ခွဲတမ်းရရှိပြီး မကွေးမြို့တွင် ခွေးအကောင် ၉၀ စာ ဆေးရရှိကြောင်း တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“ မကွေးမြို့အတွက် ရထားတဲ့ ဆေးတွေနဲ့ ဒီနေ့ကျွန်မတို့ရုံးမှာ ခွေးရူးကာကွယ်ဆေးတွေ အခမဲ့ ထိုးပေးနေပါတယ်။ ဒီမနက်ပိုင်း ခွေးအကောင်(၂၀)လောက် ကာကွယ်ဆေးထိုးပေးရပါတယ်” ဟု မကွေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအေးအေးမော်က ပြောသည်။

ခွေးများအား ခွေးရူးကာကွယ်ဆေး အခမဲ့ဆေးထိုးပေးမည့်အကြောင်း မကွေးမြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ စာပို့ထားခြင်း မြို့ပေါ်ရပ်ကွက်များတွင် အသံချဲစက်ဖြင့် လိုက်လံကြေညာခြင်း တို့ဖြင့် ပြည်သူများသိရန် အသိပေးထားသည်ဟု သိရသည်။

“တိရစ္ဆာန်ကနေ လူကို ကူးစက်တတ်တဲ့ရောဂါတွေ ဖြစ်တတ်တဲ့အတွက် ကျွန်မတို့ဌာနကနေ တိရစ္ဆာန် ကာကွယ်ဆေး ထိုးပေးတာကတော့ ခွေးတင်မကပါဘူး ။ ကျန်တဲ့နွား ဝက်တွေကိုလည်း ကာကွယ်ဆေးထိုး တာတွေ ဆောင်ရွက်ပါတယ် ” ဟု ဒေါက်တာအေးအေးမော်က ပြောသည်။

ခွေးရူးကာကွယ်ဆေးအခမဲ့ထိုးပေးမှုကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ခွေးရူးရောဂါကာကွယ်ရေးနေ့ တစ်ရက်တည်းသာ ထိုးပေးမည်ဖြစ်ပြီး အကောင်(၉၀)စာခွဲတမ်းရသဖြင့် ကျန်ရှိနေသေးသည့် ခွေးရူးကာကွယ်ဆေးများအား စက်တင်ဘာ၂၉ ရက်နေ့တွင် ခွေးများ အများဆုံးရှိနိုင်သည့် နေရာများတွင် လိုက်လံဆေးထိုးပေးသွားမည် ဖြစ်ကာ ခွေးများကို ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးပေးသည်မှာ (၁၁)ကြိမ် ရှိပြီဖြစ်ကြောင်း ဒေါ်အေးအေးမော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required