ခရီးသည်အမျိုးသမီးတစ်ဦးထံမှ ကျပ် ၂၁၃ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် ဆေးပြားများဖမ်းမိ

ခရီးသည်အမျိုးသမီးတစ်ဦးထံမှ ကျပ် ၂၁၃ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် ဆေးပြားများဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာလ ၂၈ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ကျပ် ၂၁၃ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် ဆေးပြားများဖမ်းဆီးရမိကြောင်း မန္တလေး တိုင်းရဲတပ်ဖွဲ့မှ ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၇ ရက်၊ နံနက် ၄ နာရီအချိန်က မူးယစ်ဆေးဝါး သတင်းအရ မူးယစ်တပ်ဖွဲ့စု ၁၇ မှ ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ (၁၆)မိုင်စစ် ဆေးရေးဂိတ်တွင် ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မူဆယ်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံ ယာဉ်အား စစ်ဆေးရှာဖွေရာမှ အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူဆယ်-မန္တလေးခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၄၃ နှစ်အရွယ် မနွယ် နွယ်စိုးဆိုသူ ဝတ်ဆင်ထားသော အတွင်းခံအင်္ကျီပေါ်တွင် အိတ်ကပ်တွဲချုပ်ထားသည့် အိတ်အတွင်းမှ ရောင် စုံဆပ်ပြာခွက် ၄ ခွက်ဖြင့် ထည့်ထားသည့် ဖြူ/ဝါရောင် ဘိန်းဖြူမှုန့် အလေးချိန် ၃၆ ဂရမ်အား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကြွပ်ကြွပ်အိတ်ထုပ်ထားပြီး ပလပ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်လျက် ကျပ်သိန်း ၁ဝဝ တန်ဖိုးရှိ 88/1 စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝ ပြား၊ ၎င်းအနီးရှိ ခရီးဆောင်အိတ်အတွင်းမှ ရောင်စုံ ဆပ်ပြာခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ အလေးချိန် ၉ ဂရမ်ခန့်စီပါ ၇ ခွက်၊ အလေးချိန် ၆၃ ဂရမ်၊ ထိုင်ခုံပေါ်ရှိ ခရီးသည်ပစ္စည်းတင် တူးဘောက်(စ်)အတွင်းရှိ ခရမ်းရောင်လက်ကိုင်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များ ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၉ ဂရမ် ခန့်စီပါ ၇ ခွက်၊ အလေးချိန် ၆၃ ဂရမ်ခန့်၊ စုစုပေါင်း ဘိန်းဖြူ ဆပ်ပြာခွက် ၁၈ ခွက်၊ အလေးချိန် ၁၆၂ ဂရမ်ခန့် (ဒေသပေါက်ဈေး ၁ ဂရမ်လျှင် ၇ဝ,ဝဝဝ ကျပ်နှုန်းဖြင့် ၁၁၃ ဒသမ ၄ သိန်း)တို့အား ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ကျပ်သိန်း ၁ဝဝ တန်ဖိုးရှိ ဆေးပြားများနှင့် ကျပ် ၁၁၃ ဒသမ ၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူမှုန့်များနှင့်အတူ ဖမ်းဆီးရမိခဲ့သူ အသက် ၄၃ နှစ်အရွယ် မနွယ်နွယ်စိုးဆိုသူမှာကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြတောင်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့သူ မနွယ်နွယ်စိုးဆိုသူအား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly