မန္တလေးကမ်းနားရှိ ကျူးကျော်မိသားစုဝင်ကလေးများကို အခမဲ့ ပညာသင်ကြားပေးလျက်ရှိနေ

မန္တလေးကမ်းနားရှိ ကျူးကျော်မိသားစုဝင်ကလေးများကို အခမဲ့ ပညာသင်ကြားပေးလျက်ရှိနေ

 

မန္တလေး၊ စက်တင်ဘာ ၂၈ ။                   ။ မန္တလေးမြို့၊ကမ်းနားလမ်းတွင် ကျူးကျော်နေထိုင်သည့်မိသားစုဝင် ကလေးများကို သူငယ်တန်းမှ နဝမတန်းအထိ တစ်ပတ်လျှင် ၂ ရက် အခမဲ့ ပညာသင်ကြားပေးမှုအား အမရပူရမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အမရပူရအဆင့်မြင့်မြို့ပြ စီမံကိန်းတို့မှ ပူးပေါင်း၍ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့သင်ကြားပေးခြင်းကို စက်တင်ဘာလ ၂၄ ရက်ကစတင်ခဲ့ပြီး ကျောင်သား၊ကျောင်းသူ ၉၀ ဦး ကျော်ရှိကြောင်းသိရသည်။

အမရပူရအဆင့်မြင့်မြို့စီမံကိန်း ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက"အခုကတော့ ကျောင်းပိတ်ရက်တွေပါပဲ။ တစ်ပတ်နှစ်ရက် သင်ကြားပေးနေတယ်။ သူတို့ဘဝမြင့်မားဖို့ ရည်ရွယ်ပြီး အခုလို သင်ကြားပေးနေကြတာပါ။ နောက်သူတို့ လိုအပ်ချက်တွေလည်း ဖြည့်ဆည်းပေးသွားပါမယ်။ ရေရှည်စီမံကိန်းနဲ့လုပ်သွားပါမယ်။"ဟုပြောသည်။

အဆိုပါ ကလေးများအား ဆရာမ ၄ ဦးဖြင့် မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိသင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

"ကျွန်မတို့က ဝမ်းအတွက် ရုန်းနေရတော့ ကလေးတွေ ပညာရေးဘာမှန်း မသိဘူး။ကျောင်းတော့ သွားနေကြတာပဲ။ ကျွန်မကလည်း ဘာမှမသိဘူး။အခု ဒီကကျောင်းပိတ်ရက် ခေါ်သင်ပေးတော့ ဝမ်းသာတာပေါ့။ ကျောင်းကလည်း သင်ပေးတယ်။ ဒီကလည်း သင်ပေးတယ်ဆိုတော့ ကလေးတွေ စာရတာပေါ့။"ဟု ကမ်းနားလမ်း ကျူးတဲတွင်နေထိုင်သည့် စတုတ္ထတန်းကျောင်းသူတစ်ဦး၏ မိခင် ဒေါ်အေးမကပြောသည်။

ထူးချွန်သည့် ကလေးများကိုလည်း ပညာရေးထောက်ပံ့မှုများပေးသွားရန်စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟု အမရပူရအဆင့်မြင့် မြို့ပြစီမံကိန်း ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required