အသတ်ခံရသည့် ဟိန္ဒူများကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေသည့် ဟိန္ဒူ အမျိုးသမီး ၈ ဦးက အဓိကမျက်မြင်သက်သေဖြစ်လာ

အသတ်ခံရသည့် ဟိန္ဒူများကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေသည့် ဟိန္ဒူ အမျိုးသမီး ၈ ဦးက အဓိကမျက်မြင်သက်သေဖြစ်လာ
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ရန်ကုန်၊ စက်တင်ဘာ ၂၈ ။                      ။ မောင်တောဒေသ ခမောင်းဆိပ်ကျေးရွာအုပ်စု၌ ဟိန္ဒူဘာသာဝင်များ အစုလိုက်အပြုံလိုက် အသတ်ခံရမှု ဖြစ်စဉ်တွင် ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာအစိုးရဘက်က ထုတ်ပြန်ခဲ့ပြီး နောက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ခေါ်ဆောင်သွားခံရသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီး ရှစ်ဦးက အဓိက မျက်မြင်သက်သေဖြစ်လာသည်။

"သေချာတာတစ်ခုကတော့ သူတို့အမျိုး သူတို့ မသတ်တာ သေချာပါတယ်။ ဒါကတော့ ရေရှည်မှာ ပြန်စစ်လိုက်ရင်လည်း ဒါတွေ ပေါ်လာမှာ ပါပဲ။ ဒါကတော့ အဖြစ်မှန်ပါပဲ"ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းက ဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ် လက်ရှိမြေပြင်အနေအထားတွင် ဖြစ်ပျက်နေ သည် များကို ပြသရန် ခေါ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိတွင် အဆိုပါ မျက်မြင်သက်သေများကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်ရန် အစိုးရအနေဖြင့် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် ရဲဘော်ကျားကျေးရွာနေသူတစ်ဦးက စစ်တွေမြို့သို့ ရောက်ရှိနေသည့် မောင်တောလေးမိုင်တွင် နေထိုင်သူ ဟိန္ဒူဘာသာဝင် ကူညီရေးခေါင်းဆောင် ဦးနီမောရ် ထံ ဖုန်းဖြင့် ဆက်သွယ်သတင်းပေးချက်အရ အဆိုပါ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၄ ရက် က အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် "သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။ ရွာ၏အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ် ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း" ရေးသားထားသည်။

 “ ချိတ်ဆက်ပြီး ပြောရရင် ဒီမှာ ယောကျာ်းလေးတွေကို ထားခဲ့တယ်။ မိန်းကလေးတွေကို ကျွန်တော်တို့ လမ်းမှာတွေ့ရတဲ့ ဘယ်ဖက်က တဲလေးမှာ ခဏထားပါတယ်။ အမျိုးသမီး ၇၊ ၈ ဦးကိုတော့ အစ္စလာမ်ဇာတ်ကို သွင်းခဲ့ပါတယ်။ ဒါကိုတော့ ဒီက ဘာသာရေးခေါင်းဆောင်တွေက ပြောပြပါလိမ့်မယ်။ အစ္စလာမ်ဇာတ်ကို ဘယ်လိုသွင်းလဲဆိုတာပေါ့။ အစ္စလာမ်ကို သွင်းပြီးတော့ အသတ်မခံဘဲ တစ်ဘက်နိုင်ငံကို ပါသွားတာ ဖြစ်ပါတယ်” ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဥက္ကာကိုက  စက်တင်ဘာလ ၂၇ ရက်တွင် မီဒီယာများသို့ အလောင်းများတွေ့ရှိရသော နေရာတွင် ပြောသည်။

လက်ရှိ ဟိန္ဒူဘာသာဝင် ၄၅ လောင်း တူးဖော်ရရှိထားပြီး စက်တင်ဘာ ၂၄ ရက်နေ့တွင် ဟိန္ဒူဘာသာဝင် များကို မြုပ်နှံထားသည့် မြေကျင်းနှစ်ကျင်း တွေ့ရှိခဲ့ပြီးနောက် အလောင်း ၂၈ လောင်း ၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် အမျိုးသား ရုပ်အလောင်း ၁၇လောင်း၊   စုစုပေါင်း ၄၅ လောင်းအထိ ရှိလာနေပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်များအတွင်း မောင်တောခရိုင် ခမောင်းဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ရဲဘော်ကျကျေးရွာနှင့် တမန်းသားကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၃ ဦး ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဟိန္ဒူ ဘာသာဝင်များ သေဆုံးမှုနှင့်ပတ်သက်ပြီး ARSA အကြမ်းဖက်အဖွဲ့ဘက်က မည်သို့သော အကြောင်းပြချက်မျှ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly