ခါရာဘိုရာဇီ အမျိုးသားဥယျာဉ် တိုးချဲ့ သတ်မှတ်မှုအပေါ် ပူတာအိုခရိုင် ဒေသခံထောင်ချီ ကန့်ကွက်

ခါရာဘိုရာဇီ အမျိုးသားဥယျာဉ် တိုးချဲ့ သတ်မှတ်မှုအပေါ် ပူတာအိုခရိုင် ဒေသခံထောင်ချီ ကန့်ကွက်

ချင်းမိုင်၊စက်တင်ဘာလ ၂၇ ။             ။ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘော၊ နောင်မွန်း ဒေသခံများက ခါရာဘိုရာဇီ အမျိုးသားဥယျာဉ်အား တောင်ပိုင်းသို့ တိုးချဲ့၍ ကမ္ဘာ့သဘာဝ အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်မှုအပေါ် ဒေသခံများ လုပ်ကိုင်စားသောက်၍ မရတော့သဖြင့် ကန့်ကွက်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့သည်။

“ဒီဒေသမှာ ကမ္ဘာ့အမွေအဖြစ် သတ်မှတ်လိုက်တဲ့အခါမှာ သူတို့ တားမြစ်ချက်တွေက ကျွန်တော်တို့ ဒေသခံတွေကို အဲဒီထဲမှာ လုံးဝ ဝင်လို့ မရအောင်၊ အလုပ်လုပ်လို့ မရအောင် တားဆီးပြီးတော့ တားမြစ်ချက်တွေ လုပ်ထားလို့ အဲဒါကို ပြည်သူတွေက ကန့်ကွက်ရမယ်ဆိုပြီး လူကြီးတွေကို တိုင်ပင်ပြီးတော့ ကန့်ကွက်ရတာ ဖြစ်ပါတယ်”ဟု ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ပူတာအိုမြို့နယ် ဥက္ကဌ ဦးအမ်ယောရှုက ပြောသည်။

ပူတာအို ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်၍ ခါကာဘိုရာစီ အမျိုးသားဥပဒေအား တောင်ပိုင်းသို့ တိုးချဲ့ရေး ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရန်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာချိန်ထိ ပူတာအိုမြို့ ပြည်သူ့အားကစားကွင်းမှစတင်ထွက်ခွာ၍ ပူတာအို အထက ကျောင်းအားကစားကွင်းထိ ဆန္ဒဖော်ထုတ်မှု အဆုံးသတ်ခဲ့သည်ဟု ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ပူတာအိုမြို့နယ် ဥက္ကဌ ဦးအမ်ယောရှုက ပြောသည်။

 “ခါရာဘိုရာဇီ အမျိုးသားဥပဒေအား တောင်ပိုင်းသို့ တိုးချဲ့ရေး ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရန်ကို ပြင်းထန်စွာ ကန့်ကွက်တယ်ဆိုတဲ့ စာတမ်းကိုင်ပါတယ်။ ကျွန်တော်တို့ ပူတာအို ပြည်သူ့အားကစားကွင်းကနေ ဘောလုံးကွင်းအထိ လျမ်းလျှောက်ပြီးတော့ ဆန္ဒချီတက်တာပါခင်ဗျာ။ ကျွန်တော်တို့ ရှေ့ကနေ ရေတာ ၉၇၀၀ ရှိပါတယ်”ဟု ဦးအမ်ယောရှုက ပြောသည်။

ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အား တောင်ပိုင်းသို့ တိုးချဲ့၍ ကမ္ဘာအမွေအနှစ်အဖြစ် သတ်မှတ်ရန် အလိုမရှိ၊ WCS အန်ဂျီအိုအဖွ့ဲအစည်းအား အလိုမရှိ၊ လူထုဆန္ဒသဘောထား အောင်ရမည် အောင်ရမည်ဟူသော စာတမ်းများ ကြွေးကြော်၍ ချီတက်ခဲ့ကြသည်ဟု သူက ပြောသည်။

ယခု ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်သော ဧရိယာများတွင် ဒေသခံများအနေဖြင့် ရွှေ့ပြောင်း တောင်ယာ လုပ်ကိုင်စားသောက်ခြင်း၊ ကချင်တိုင်းရင်းဆေးမြစ်များ ဖြစ်သော သဘာဝ ဆေးမြစ်များ ရှာဖွေ လုပ်ကိုင်စားသောက်၍ မိသားစု စားဝတ်နေရေးအတွက် လုပ်ငန်းလုပ်နေသော ဒေသများ ဖြစ်၍ ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် အခက်အခဲများ ရှိနေသည်ဟု ဦးအမ်ယောရှုက ပြောသည်။

ထို့ပြင် ၁၉၉၈ ခုနှစ် ခါကာဘိုရာစီ အမျိုးသားဥယျာဉ် သတ်မှတ်ခဲ့ပြီးနောက် နောင်မွန်းမြို့နယ်အတွင်းရှိ အိမ်ခြေ ၇၃ စုသည်လည်း အခြားနေရာသို့ ပြောင်းရွှေ့ခဲ့ရသဖြင့် လက်ရှိ နေထိုင်နေသော နေရာတွင် လုပ်ကိုင်စားသောက်၍ မရသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရမှုများလည်း ရှိနေသည်ဟု သူက ပြောသည်။

ယနေ့ နံနက်ပိုင်းက နောင်မွန်းမြို့တွင်လည်း ဒေသခံများ အလားတူ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့သလို့၊ မွန်းလွဲ ၁ နာရီချိန်တွင် မချမ်းဘောမြို့တို့တွင်လည်း ဒေသခံများ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်နှင့် နောင်မွန်းမြို့နယ်အတွင်း ကျရောက်နေ သည့် ဧက ၉၄၂၀၈၀ ၊ ၁၄၇၂ စတုရန်မိုင်ရှိ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် ဧရိယာအတွင်းသို့ တိုးချ့ဲ ထည့်သွင်းနိုင်ရန် ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယနေ့ ပြုလုပ်သော ဆန္ဒဖော်ထုတ်ပွဲသို့ အများအားဖြင့် ဒေသခံ ရဝမ်လူမျိုးစုများ ဖြစ်ကြပြီး အခြား ဂျိန်းဖော့နှင့် လီဆူ တိုင်းရင်းသား လူမျိုးများလည်း ပါဝင် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု သိရသည်။

ပူတာအိုခရိင်အတွင်းရှ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တောင်ပိုင်းကာ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်မှု အပေါ် လုံးဝ ရပ်ဆိုင်းရန် စက်တင်ဘာလ ၁၈ ရက်က ကချင်နိုင်ငံရေးပါတီများညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) က သဘောထားထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required