တွစ်စကားလုံးရေ ကန့်သတ်ထားမှုကို ၂၈၀ အထိ နှစ်ဆတိုးမြှင့်ရန် တွစ်တာ စမ်းသပ်နေ

တွစ်စကားလုံးရေ ကန့်သတ်ထားမှုကို ၂၈၀ အထိ နှစ်ဆတိုးမြှင့်ရန် တွစ်တာ စမ်းသပ်နေ

တွစ်တာဟာ လူမှုကွန်ယက်မှာ အသုံးပြုသူတိုးပွားလာရန် ကြိုးပမ်းအားထုတ်မှုအဖြစ် tweet စာလုံးရေကန့်သက်ထားမှုကို ၂၈၀ အထိ နှစ်ဆ တိုးချဲ့ပေးကာ စမ်းသပ်နေကြောင်း သိရပါတယ်။

ယခင်စာလုံးရေ ၁၄၀ သာ ရေးသား ခွင့်ပြုထားတဲ့အတွက် ယခု ကန့်သတ်မှုအသစ်ဟာ အဓိက အပြောင်းအလဲတစ်ခုဖြစ်ပြီး အသုံးပြုသူများအတွက် အဓိက စိတ်ပျက်စရာဖြစ်ခဲ့တဲ့ စာလုံးရေကန့်သတ်မှုကို ဖြေရှင်းရန် ရည်ရွယ်ကြောင်း ဆန်ဖရန်စစ္စကို အခြေစိုက် တွစ်တာက ပြောပါတယ်။

“ဒါက သေးငယ်တဲ့ အပြောင်းအလဲ တစ်ခုပါ။ ဒါပေမဲ့ ကျနော်တို့အတွက် ကြီးမားတဲ့ အရွှေ့တစ်ခုပါ။”လို့ တွစ်တာရဲ့ အမှုဆောင်ချုပ် ဂျက်ဒေါဆေက ရေးသားခဲ့ပါတယ်။

ဂျပန်၊ တရုတ်နှင့် ကိုရီးယားတို့မှာ ၎င်းတို့ဘာသာစာလုံးများနဲ့ ရေးသားမှုဟာ နေရာယူမှုများတာကြောင့် ယခင် စာလုံးရေ ၁၄၀ မှာသာ ကန့်သတ်ထားရန် တွစ်တာက စီစဉ်ထားပါတယ်။

“အင်္ဂလိပ်ဘာသာဖြင့် ရေးသားသူတွေအတွက် စာလုံးရေကန့်သတ်မှုက အဓိက စိတ်ပျက်စရာဖြစ်ခဲ့တယ်လို့ ကျနော်တို့ရဲ့ သုတေသနက တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်ဘာသာဖြင့် ရေးသားသူတွေအတွက် မဟုတ်ပါဘူး။”လို့ ထုတ်ကုန်မန်နေဂျာ အလီရိုဆန်နှင့် ဆော့ဖ်ဝဲယာအင်ဂျင်နီယာ အီကူဟီရို အာဟာရာတို့က ပြောကြားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ အများပိုင်ကုမ္ပဏီဖြစ်လာခဲ့တဲ့ တွစ်တာဟာ နာမည်ကြီး ကျော်ကြားသူများ၊ ဂျာနယ်လစ်များနှင့် ဒေါ်နယ်ထရန့်လို နိုင်ငံရေးခေါင်းဆောင်များရဲ့ အခြေချပလက်ဖောင်းဖြစ်နေပေမယ့်လည်း ငွေကြေးအမြတ်ကို ဘယ်တော့မှ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ သုံးလပတ်အတွင်းမှာ တွစ်တာကို လစဉ်အသုံးပြုသူ (active user) ဟာ ၃၂၈ သန်းရှိခဲ့ပြီး ယခုနှစ် ပထမသုံးလက အသုံးပြုသူနှင့် နှိုင်းယှဉ်လျှင် ၅ ရာခိုင်နှုန်းသာ တက်လာကြောင်း တွစ်တာက ဖော်ပြခဲ့ပါတယ်။

တွစ်တာရဲ့ တိုးပွားမှုဟာ လူမှုကွန်ရက် ရှေ့ဆောင် ဖေ့ဘုတ်ခ်ကို အမီလိုက်ရန် ကျရှုံးနေခဲ့ပါတယ်။ ဖေ့ဘုတ်ခ်ဟာ အသုံးပြုသူ ၂ ဘီလီယံနှင့် ၎င်းပိုင် Instagram ဟာ အသုံးပြုသူ သန်း ၈၀၀ ရှိပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags