ခံတွင်းအနံ့ဆိုးခြင်းကို ဘယ်လိုကုသမလဲ။

ခံတွင်းအနံ့ဆိုးခြင်းကို ဘယ်လိုကုသမလဲ။

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ခံတွင်းအနံ့ဆိုးခြင်းကို ဘယ်လိုကုသမလဲ

အိပ်ပျော်သွားချိန်မှာ ဘက်တီးရီးယားပိုးမွှားများ ခံတွင်းအတွင်းပေါက်ပွားခြင်းကြောင့် အိပ်ရာနိုးလာတဲ့အချိန် ခံတွင်းအနံ့ဆိုးတတ်ပါတယ်။ မြောက်များစွာသောအကြောင်းအရာများ (ဥပမာ-အကျင့်ဆိုး (သို့) အစားအသောက်) ဟာ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပွားစေပါတယ်။ သို့ပေမယ့် ဒီခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းဖို့နဲ့ ထပ်မဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းအသွယ်သွယ် ရှိပါတယ်။

ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းခြင်းဟာ ခံတွင်းအနံ့ဆိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဆောင်တာတွေထဲမှာ
• သွာကြားများကို သွားပွတ်ကြိုး နဲ့သန့်ရှင်းရေးလုပ်သင့်ပါတယ်။
• သွားများနှင့် သွားဖုံးကို တိုက်ချွတ်ပါ။
• လျှာကိုလည်း သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။

မှန်ကန်သော သွားတိုက်နည်းပုံစံ

• ပျော့ပျောင်းတဲ့ဲ့သွားပွတ်တံကို အသုံးပြုပြီး တစ်နေ့ (၂) ကြိမ်သွားတိုက်ပါ။ သွားပွတ်တံရဲ့ အရွယ်အစားကို မိမိခံတွင်းနှင့် ကိုက်ညီပြီး ခံတွင်းနေရာအစုံကို ရောက်နိုင်တဲ့ သွားပွတ်တံမျိုးကို ရွေးချယ်ပါ။
• သွားပွတ်တံ အမွေးလေးတွေ ဖွာနေပြီဆိုရင်တော့ အသစ်တစ်ချောင်းကို လဲလှယ်ပါ။ ဒါမှမဟုတ် ၃လ (သို့) ၄လ တစ် ကြိမ် သွားပွတ်တံကိုလဲပေးပါ။ ဟောင်းနွမ်းနေတဲ့ သွားပွတ်တံကိုသာ အသုံးပြုရင် သင့်ရဲ့သွားများက အလုံးစုံ သန့်ရှင်းမှာမဟုတ်ပါ။
• သင့်ရဲ့ သွားပွတ်တံကို သွားဖုံးနှင့် ၄၅ ဒီဂရီစောင်းပြီး တိုက်သင့်ပါတယ်။
• သွားတိုက်ရာမှာ သွားရဲ့အရှေ့မျက်နှာပြင်တစ်ခုတည်းကိုသာ တိုက်၍မရပါ။ အတွင်းမျက်နှာပြင်နှင့် ဝါးတဲ့နေရာ မျက်နှာပြင်တွေကိုပါ တိုက်ရမှာဖြစ်ပါတယ်။
• ရှေ့သွားများရဲ့ အတွင်းမျက်နှာပြင်ကို တိုက်ရာမှာ သွားပွတ်တံကို တည့်တည့်မတ်မတ်ကိုင်ပြီး တိုက်ရမှာဖြစ်ပါတယ်။
• သွားတိုက်ရာမှာ အနည်းဆုံးအချိန် နှစ်မိနစ်ယူပြီး တိုက်သင့်ပါတယ်။

ခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းစေနိုင်တဲ့ အချို့သော အစားအစာများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

• သစ်ကြံပိုးခေါက်ချောင်း – သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ အဆီ တစ်မျိုး (essential oil) ဟာ ခံတွင်းအတွင်း မှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ကို တိုက်ရိုက်အရသာခံ စားသုံးဖို့တော့ ခက်ခဲပါတယ်။ သို့သော်လည်း သစ်ကြံပိုးခေါက်ပါဝင်တဲ့ ပူရှိန်း (သို့) ပီကေဝါးခြင်းဖြင့် ခံတွင်းအနံ့ဆိုးကို ပျောက်ကင်း စေနိုင်ပါတယ်။
• တရုတ်နံနံ – ကြက်သွန်နီနှင့် ကြက်သွန်ဖြူဟာ ခံတွင်းအနံ့ကို ဆိုးစေသော်လည်း တရုတ်နံနံကတော့ ခံတွင်းအနံ့ကောင်းစေပါတယ်။ တရုတ်နံနံကို လတ်လတ်ဆတ်ဆတ် ဝါးစားနိုင်ပြီး ရေနွေးပူထဲထည့်ပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးနိုင်ပါတယ်။
• ဒိန်ချဉ် – နေ့စဉ် သကြားမပါတဲ့ ဒိန်ချဉ်ကို တစ်နေ့ နှစ်ကြိမ် စားသုံးခြင်းဟာ ခံတွင်းထဲမှာရှိတဲ့ Hydrogen sulphide ပမာဏကို လျော့ကျစေပါတယ်။
• အမျှင်ဓာတ်ပေါများသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ – အသီးအနှံများဖြစ်တဲ့ ပန်းသီး၊ မုန်လာဥနီနှင့် တရုတ်နံနံကြီး (ရှမ်းနံနံ) တွေဟာ ခံတွင်းအနံ့ဆိုးတွေကို ဖျောက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ စားကြွင်း စားကျန်များဟာ သွားကြားတွေထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ပေါများတဲ့ အသီးအနံှများကို စားသုံးခြင်းဖြင့် ခံတွင်းကို သန့်ရှင်းစေနိုင်ပါတယ်။

ခံတွင်းသန့်ရှင်းမှုရှိ/မရှိနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိ/မရှိခြင်းဟာ ခံတွင်းအနံ့ဆိုးစေတဲ့အဓိကအကြောင်းအရင်း (၂) ခု ဖြစ်ပါတယ်။ ဒါကြောင့် ခံတွင်းရနံ့သင်းပျံ့နေစေဖို့အတွက် သွားကိုသေသေချာချာတိုက်ပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး သင့်တင့်လျောက်ပတ်တဲ့ နေထိုင်စားသောက်မှုပုံစံကိုလိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ ခံတွင်းရနံ့သင်းပျံစေရန် အချို့သော ကောင်းမွန်တဲ့ အလေ့အကျင့်တွေကတော့ သကြားမပါသော ပီကေများဝါးခြင်းနှင့် ရေများများသောက်ခြင်းတို့ ဖြစ်ပါတယ်။ဒါပေမယ့် သွားဖုံးရောဂါရှိခြင်းဟာ ခံတွင်းအနံ့ဆိုးခြင်းရဲ့တခြားသော အကြောင်းအရာဖြစ်တဲ့ အတွက် သင့်ရဲ့ဆရာဝန်နှင့်မှန်မှန်ပြသဆွေးနွေးရမှာ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly