ကေတစ်ခြမ်းခုတ်၊ ဆံပင်ပြုတ်နှင့် ကန်စွန်းရွက်တစ်စီး သုံးရာ

ကေတစ်ခြမ်းခုတ်၊ ဆံပင်ပြုတ်နှင့် ကန်စွန်းရွက်တစ်စီး သုံးရာ

တနင်္ဂနွေနေ့ ဖြစ်၍ စာရေးသူတို့ ဆုံနေကျ လက်ဖက်ရည်ဆိုင်လေးတွင် လူပိုစုံသည်။ စာရေးသူ လက်ဖက်ရည်ဆိုင် ရောက်တော့ ဆရာဖော အသံက ကြိုနှင့်သည်။

“ရေမရှိတဲ့ချောင်း နှာခေါင်းဖော် သေတာကမှ ကောင်းဦးမယ်ဗျာ” စာရေးသူက လက်ဖက်ရည်ဆိုင်ထဲဝင်အထိုင် ရောက်နှင့်ပြီးသား ဆရာရွှေက မေးသည်။

“ဆရာဖောကလည်းဗျာ၊ ရေမရှိတဲ့ချောင်း၊ ဘယ်လိုလုပ်ပြီး နှာခေါင်းက ဖော်ပြီး သေရဦးမှာလဲ။ ခင်ဗျားဟာက ခပ်ရှုပ်ရှုပ်ကြီး”

ဆရာဖောက

“ ဒီလိုလေဗျာ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီနှစ် မတ်လ ၂၅ ရက်နေ့မှာ နိုင်ငံဝန်ထမ်းတွေကို လစာနှုန်း တိုးမြှင့်ပေးခဲ့တယ်။ အဲ့ဒီ လစာနှုန်းထားတိုးဖို့ မထုတ်ပြန်မီ လွှတ်တော်မှာ တင်ပြဆွေးနွေးတာတွေ ပလူပျံလို့ဗျ။  ဝန်ထမ်းတွေလည်း ပျော်၊ အငြိမ်းစားတွေလည်း မျှော်ပေါ့ဗျာ။ ၂၀၁၅ ဧပြီ ၁၀ ရက်ကျတော့ အငြိမ်းစားဝန်ထမ်း တွေအတွက် အငြိမ်းစား လစာတိုးမြှင့်မိန့် ထပ်ပြီး ထုတ်ပြန်ခဲ့တယ်။ ဘယ်ကိုမှ တင်ပြတာ မတွေ့ရဘဲ အမိန့်က ရုတ်တရက် ထွက်လာတယ်။

“ ပြီးတော့ ဝန်ထမ်းအဆင့် ၁ ကနေ ၁၃ အထိ တိုးတဲ့အဆင့်ဆင့် အငြိမ်းစားလစာက အနိမ့်ဆုံးလစာရ ဝန်ထမ်းတစ်ဦးကို တိုးပေးတဲ့ ကျပ် ၄၅,၀၀၀ ပေါ်မှာတွက်ချက်နည်းတစ်ခုနဲ့ တိုးတာ ဖြစ်ပြီး အများ ဆုံးကတော့ ကျပ် ၂၅,၀၀၀ လောက်ပဲ တိုးကြတာများတယ်လို့လည်း ဆိုတယ်ဗျ။

“ ၁ - ၄ - ၂၀၁၅ နောက်ပိုင်း အငြိမ်းစားယူတဲ့ ဝန်ထမ်းတွေရဲ့ ခွင့်ပြုအငြိမ်းစားလစာဟာ မူလအငြိမ်းစား ဝန်ထမ်းတွေရဲ့လစာနဲ့ သိသိသာသာကြီး များနေတာကြောင့် သတင်းစာ၊ စာစောင်တွေ မှာဆောင်းပါးရှင်တချို့ ရေးသားတင်ပြမှုတွေလည်း ရှိတယ်ဗျ။

“ ဆိုလိုတာက ရာထူးတူပေမယ့် ၁ - ၄ - ၂၀၁၅ နောက်ပိုင်း အငြိမ်းစားယူတဲ့ ဝန်ထမ်းရဲ့ အငြိမ်းစား လစာက အရင်အငြိမ်းစားယူတဲ့ ဝန်ထမ်းရဲ့ အငြိမ်းစားလစာနဲ့ လုံးဝကွာခြားသွားတယ်ဗျာ။ ခင်ဗျားတို့လည်း  အငြိမ်းစားဝန်ထမ်းတွေဆိုတော့ သိမှာပေါ့။ ဒါကြောင့် အသက်က ကြီးလာလေ၊ ဆေးဖိုးဝါးခနဲ့ ကျားကန်ရတာ ကလည်းများလေ။ ကုန်ဈေးနှုန်းကလည်း အဆမတန် ကြီးနေတဲ့အချိန်မှာ ဒီအငြိမ်းစားလစာလေးနဲ့ ဘဝကို ရုန်းရတာ သေချင်စော်ကလည်းနံ၊ သေလို့ကလည်း မဖြစ်ဆိုတော့၊ ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖော်ပြီး သေရင် ကောင်းမလားလို့ပါ” ဟု ရှည်ရှည်လျားလျားပင်ပြော သည်။

ဖိုးပြောချင်တို့ လက်ဖက်ရည်ဝိုင်းတော်သားအားလုံး ခေါင်းငြိမ့်၍ ပြုံးလျက်။ ထိုစဉ် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လာသော ဝိုင်းတော်သား ဂျာကြီးနှင့်အတူ မျက်နှာစိမ်းတစ်ယောက် လည်း ပါလာသည်။

ဆရာယောက-

“လာဗျာ ထိုင်ကြ၊ အားလုံးရောက်တာလည်း မကြာသေးဘူး။ ဧည့်သည်နဲ့ မိတ်ဆက်ပေးပါဦးဗျာ” ဧည့်သည်က အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ နှာတံပေါ်ပေါ်၊ ဥပဓိရုပ်ကောင်းကောင်း၊ သို့ပေမင့် မဟာနဖူးကတော့ ငယ်ထိပ်နားအထိ ရောက်လျက်ရှိပြီ။ ကျန်ဘေးနှင့် အနောက်ပိုင်းမှ ဆံပင်များကတော့ ထူဆဲ။ သူက ဝိုင်းတော်သားများကို  ပြုံးလျက် နှုတ်ဆက်သည်။ ဂျာကြီးက ဝိုင်းတော်သား အားလုံးနှင့် မိတ်ဆက်ပေးသည်။

“သူက ကျွန်တော့်ကျောင်းနေဖက် သူငယ်ချင်း ဦးကိုကိုပါ။ သူက ဝန်ကြီးဌာနတစ်ခုကနေ ရုံးအဖွဲ့မှူးနဲ့ အငြိမ်းစားယူခဲ့တာ ၈ နှစ်လောက်ရှိပြီ။ အိမ်ကို လာလည်တာနဲ့ ခင်ဗျားတို့နဲ့တွေ့ ရအောင်ခေါ်လာတာ”
အပြန်အလှန် နှုတ်ဆက်အပြီး တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းသူက ဆရာဖော-

“ဂျာကြီးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ညီအစ်ကိုလို သဘောထားပါဗျာ။ ပြောလက်စနဲ့ ပြောရဦးမယ်။ မိတ်ဆွေက ရုံးအဖွဲ့မှူး ဆိုတော့ ဝန်ကြီးဌာနကိုယ်စား ကိုယ့်လက်အောက်ဌာနတွေကို စီမံခန့်ခွဲရတဲ့ သူဆိုတော့ ဝန်ထမ်းအတွေ့အကြုံ ပိုရှိတာပေါ့ဗျာ။ အခု အငြိမ်းစားလစာ တိုးမြှင့်ရာမှာ အငြိမ်းစားဝန်ထမ်းအသစ်နဲ့ အဟောင်း လစာကွာခြားတာနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောရသလဲဗျာ”

ဆရာယောက-

“ဟာ-ဆရာဖောကလည်းဗျာ၊ ဧည့်သည်က အခုမှရောက်တာ၊ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုတာ မျိုး ဖြစ်နေပြီ။ အားနာစရာ”

ဧည့်သည်က ပြုံး၍-

“ရပါတယ်ဗျာ၊ ကျွန်တော်ကလည်း လက်ရှိ နှုန်းဟောင်းနဲ့ ခံစားနေရတဲ့ အငြိမ်းစားဝန်ထမ်းဆိုတော့ ခံစားချက် ရှိတာပါပဲ၊ အခု အငြိမ်းစားဆိုတာ တစ်ခါက ဝန်ထမ်းပါပဲဗျာ။ အခ ုဝန်ထမ်းဆိုတာကလည်း အနှစ် ၃၀ ပြည့်တဲ့အခါဖြစ်ဖြစ်၊ အသက် ၆၀ ပြည့်တဲ့အခါဖြစ်ဖြစ် အဲ့ဒီအချိန်ရောက်ရင် အငြိမ်းစားဝန်ထမ်း ဖြစ်သွားကြတာ ပါပဲ။ ဒါဆို အငြိမ်းစာလစာ ခံစားဖို့ကျတော့ ဘာကြောင့် ခွဲခြားလိုက်တာလဲ။ ဘယ်သူတွေဆီတင်ပြပြီး ဘယ်သူ တွေက အတည်ပြုလိုက်တာလဲ မသိပါဘူးဗျာ”

ဧည့်သည်က အပြောကောင်း။ သူကဆက်၍ အငြိမ်းမယူမီ ရုံးအဖွဲ့မှူးဘဝတွင် နေ့မအိပ် ညမနား အလုပ် လုပ်ရပုံများ၊ အလုပ်ထဲတွင် မြှုပ်နှံထားရမှုကြောင့်လည်းကောင်း၊ အရာရှိငယ်ဘဝက အမြို့မြို့ အနယ်နယ် အိုးပစ် အိမ်ပစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမှုများကြောင့်လည်းကောင်း၊ မိသားစုများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးများကို လျစ်လျူရှု ထားခဲ့ရသကဲ့သို့ ဖြစ်မှုများ၊ လူမှုပတ်ဝန်းကျင် တွင်လူမှုရေးဆုံးရှုံးမှုများ၊ မျက်စိနှစ်လုံး ပွင့်သည်မှ ည မျက်စိနှလုံးပိတ်သည်အထိ ရုံးအလုပ်များနှင့် လုံးထွေးနေမှုများ၊ တစ်ခါတစ်ရံ အိမ်မက်ထဲတွင်ပင် မပြီးပြတ်သေးသော ရုံးလုပ်ငန်းများ ကခြောက်လှန့် ပုံများကို ပြောပြရာ ဖိုးပြောချင်တို့ ဝိုင်းတော်သားအားလုံးပင် ဧည့်သည်၏ အဟောအပြော၌ စီးမျောလိုက်ပါ သွားခဲ့ရ၏။ ထိုဧည့်သည်၏ အဟောအပြောများအနက်သာဓကလေး နှစ်ခုကိုစာရေးသူ အကြိုက်ဆုံး။

တစ်ခုကထူထူထဲထဲဆံပင်များပြောင်သလင်းခါခဲ့ရသည့်အကြောင်း။ အကြောင်းက သည်လို-

“ကျွန်တော်က ငယ်ငယ်ကတည်းက ဆံပင်သိပ်သန်တာ၊ ရုံးအဖွဲ့မှူး ဖြစ်တဲ့အချိန်ကစပြီး ဖြူလိုက်တဲ့ ဆံပင်တွေ၊ ကျွတ်လိုက်တဲ့ဆံပင်တွေ၊ မဟာနဖူးက နောက်စေ့နားတောင် ရောက်နေပြီ။ အခု မြင်တဲ့အတိုင်းပါပဲဗျာ။ အဲ့ဒါတွေအားလုံးက ဝန်ထမ်းဘဝက ပေးလိုက်တဲ့ ဆုလာဘ်တွေလို့  ပြောရင်လည်း ရတယ်ဗျ” ဟူ၍။

နောက်တစ်ခုက ကေတစ်ခြမ်းသာ ခုတ်လိုက်ရတဲ့အဖြစ်။ အဖြစ်ကသည်လို-

“ကျွန်တော် တနင်္ဂနွေ တစ်မနက် လနဲ့ချီပြီး မညှပ်ရတဲ့ ဆံပင်ညှပ်နေတုန်း လက်ကိုင်ဖုန်းလာတာနဲ့ နားထောင်လိုက်တော့ ကျွန်တော့် ဒုဝန်ကြီးဆီက ဖြစ်နေတယ်”

“မင်းဘယ်ရောက်နေလဲ”

“ကျွန်တော် ခေါင်းညှပ်နေတယ် အဘ”

“အေး…ဝန်ကြီး ရုံးစစ်မလို့ အိမ်က ထွက်လာနေပြီ။ မင်းခေါင်းကို နောက်မှ ဆက်ညှပ်၊ မင်းအခု လာတော့” ဟူ၍။ အသစ်ရောက်လာသည့် ဝန်ကြီးက ရောက်ရောက်ချင်း ဆိုင်းမဆင့်ဘုံမဆင့် လျှပ်တစ်ပြက် ရုံးစစ်ရန် စီစဉ် ခြင်းကြောင့် ဟု ရှင်းပြ၏။ သူက ရယ်သွမ်းလျက်-

“အဲ့ဒီတုန်းက ကျွန်တော် ခေါင်းတစ်ခြမ်းပဲ ခုတ်လိုက်ရတယ်ဗျာ” တဲ့။
ဆရာဖောက-

“အေးဗျာ၊ ဧည့်သည်ကြီးပြောပြတဲ့ ဝန်ထမ်းဘဝနဲ့တင် နိုင်ငံ့တာဝန် ထမ်းခဲ့ရတဲ့ ဝန်ထမ်းဘဝကို တာဝန် ရှိသူတွေက စာနာနားလည်ပြီး အငြိမ်းစားလစာကို တန်းတူခံစားခွင့် ပြုသင့်ပါပြီဗျာ။ ကဲ…စာရေးဆရာကြီးကလည်း ငြိမ်ချက်သားကောင်းမနေပါနဲ့ဗျာ။ ခင်ဗျားကလည်း အငြိမ်းစားမယူမီက ဌာနဆိုင်ရာ အရာရှိကြီးတစ်ဦးပဲ မဟုတ် လား။ အငြိမ်းစား ဝန်ထမ်းချင်းတူပါလျက် အငြိမ်းစားလစာ ခံစားခွင့် မတူသင့်ဘူးလားဗျာ”

“တူသင့်သမှ သိပ်တူသင့်သပေါ့ ဆရာဖောရယ်။ ဝန်ထမ်းဆိုတာ ဦးဆွေးဆံမြေ့ တာဝန်ထမ်းရုံတင် မကပါ ဘူးဗျာ၊ တချို့ဝန်ထမ်းတွေဆို အသက်နဲ့ရင်းပြီး တာဝန်ထမ်းရတာ ရှိတယ်။ တပ်မတော်သားတင် မဟုတ်ဘူးဗျ၊ သစ်တောဦးစီးဌာနက ဆင်ဦးစီးတွေဆို ဆင်နင်းခံရတာနဲ့ အစွယ်နဲ့ ထိုးခံရတာနဲ့ သေဆုံးလို့ လျော်ကြေးပေးရတဲ့ ဝန်ထမ်းအရေအတွက် တစ်နှစ် တစ်နှစ် မနည်းဘူး။ အဲ့ဒီလိုပဲ သက်စွန့်ဆံ ဖျားနိုင်ငံ့တာဝန် ထမ်းဆောင်ရတဲ့ ဌာန တွေ အသက်ဆုံးရှုံးရတဲ့ ဝန်ထမ်းတွေလည်း မနည်းရှိတယ်။ အဲ့ဒီလိုအသက်ကိုပင် ရင်းပြီး နိုင်ငံ့တာဝန် ကျေပွန်တဲ့ ပင်စင်စား ဝန်ထမ်းတွေကို အမြင်ကျယ်ကျယ် သဘောထားကြီးကြီးနဲ့ အခုလို အသက်အရွယ် ကြီးရင့်တဲ့အခါ နိုင်ငံတော်က ပိုပြီး ထောက်ပံ့သင့်တယ်ဆိုတဲ့အမြင်နဲ့ စဉ်းစားခွင့်ပြုမယ်ဆိုရင် အငြိမ်းစားလစာကို ခွဲခြားပြီး ခံစား ခွင့်ပြုမယ် မထင်ပါဘူးဗျာ”
စာရေးသူ၏ စကားဆုံးတော့ အချိန်လည်း လင့်သွားပြီမို့ ဖိုးပြောချင်တို့ လက်ဖက်ရည်ဝိုင်းလေး ရပ်၍ အားလုံး လူစုခွဲခဲ့ကြသည်။

စာရေးသူ လက်ဖက်ရည်ဆိုင်က အိမ်အပြန်လမ်းတွင် ရပ်ကွက်လမ်းကြားလေးထဲက တရားမဝင်ဈေးလေး ကို ဖြတ်ပြန်ရမြဲ။ ဇနီးသည်က ယင်းဈေးလေးမှ ကန်စွန်းရွက်တစ်စီး ဝယ်ခဲ့ရန် မနက်က စာရေးသူ လက်ဖက်ရည် ဆိုင်မသွားမီ မှာလိုက်သည်။ ဈေးတန်းထဲရှိ ဟင်းရွက်ဆိုင် ရှေ့ရောက်တော့-
    “ အဒေါ် ကန်စွန်းရွက်တစ်စီး ဘယ်လောက်လဲ”
    “သုံးရာ”
    “ဟိုက်”
ဈေးသည် ကြားမည်စိုး၍ အသံက သိပ်တော့ မကျယ်ဝံ့။ သုံးရာဆိုတော့လည်း သုံးရာပဲပေါ့။ ဘာတတ်နိုင် တာ မှတ်လို့။ စာရေးသူ အလုပ်စဝင်တဲ့ ၁၉၆၈ ခုနှစ်လောက်က ကန်စွန်းရွက်တစ်စည်း ၁၅ ပြား၊ နှစ်စည်း တစ်မတ် (၂၅ ပြား)၊ အခုတော့ သုံးရာကျပ်။ သုံးရာကျပ်ဆိုတာ အဲ့ဒီတုန်းက ရုံးအုပ်တစ်ယောက်ရဲ့ တစ်လစာ၊ ဒီလောက် ကုန်ဈေးနှုန်း မြင့်တက်မှုကို ခါးစည်းခံနေရတာတောင်မှ အခုတိုးပေးတဲ့ အငြိမ်းစားလစာနှုန်းကို ရှေ့လူနဲ့ နောက်လူ ခွဲပြီး ပေးချင်တဲ့သူက ရှိသေးသကိုးဟု စဉ်းစားရင်း သက်ပြင်းတစ်ချက်တော့ ချမိရဲ့။

သို့နှင့်ပင် ဖိုးပြောချင်တို့ လက်ဖက်ရည်ဝိုင်းလေးတွင် အချေအတင် ဆွေးနွေးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်မတိုင်မီ အငြိမ်းစားလစာ ခံစားနေသည့် ဝန်ထမ်းများနှင့် ယင်းရက်နောက်ပိုင်း အငြိမ်းစားယူသည့် ဝန်ထမ်း များ၏ ပင်စင်လစာနှုန်းထား တန်းတူခံစားခွင့်ပြုသင့်ကြောင်းကို ဆောင်းပါးတစ်စောင်အဖြစ် ရေးသည့်အခါ “ကေတစ်ခြမ်းခုတ်၊ ဆံပင်ပြုတ်နှင့် ကန်စွန်းရွက်တစ်စည်း သုံးရာ” ဟုခေါင်းစဉ်တပ်ရဦးမည်ဟူ၍။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags