ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံကစားသမား ဒရက်ဇလာကို ခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ် စောင့်ကြည်နေ

ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံကစားသမား ဒရက်ဇလာကို ခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ် စောင့်ကြည်နေ
(ဓာတ်ပုံ - အီးပီအေ)

ပြီးခဲ့တဲ့ဇန်နဝါရီလက ဝုဖ်ဘတ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ရောက်ရှိလာတဲ့ ဂျာမနီတောင်ပံကစားသမား ဂျူလီယန် ဒရက်ဇလာဟာ ပီအက်စ်ဂျီအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ခက်ခဲနေတဲ့ အနေအထားတွေကြောင့် အသင်းကနေ ပြောင်းရွှေ့လိုနေပြီး ရီးယဲလ်မက်ဒရစ်အသင်းက အဆိုပါကစားသမားကို ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

နည်းပြ ဇီဒန်းဟာ အပြောင်းအရွှေ့ဈေးကွက် ပြန်လည်ဖွင့်ချိန်မှာ ဒရက်ဇလာကို ခေါ်ယူဖို့ ကြိုးစားနိုင်တယ်လို့ စပိန်အားကစားသတင်း Don Balon က ဆိုထားပါတယ်။

ရီးယဲလ်အသင်းမှာ ရော်လ်နယ်ဒို၊ ဂါရတ်ဘေးလ်၊ ဘန်ဇီးမာ၊ အဆန်စီယိုနဲ့ အစ္စကိုတို့ဟာ ကြံ့ခိုင်မှု ပြည့်ဝနေချိန်မှာ သုံးယောက်တွဲ တိုက်စစ်အခန်းကဏ္ဍအတွက် ပြီးပြည့်စုံတဲ့ ကစားသမားတွေဖြစ်ပါတယ်။

ဒါပေမယ့် လာလီဂါနှင့် ချန်ပီယံလိဂ် ဆုဖလားတွေကို ကာကွယ်နိုင်ဖို့အတွက် ဇီဒန်းက ကစားသမားတွေကို အသင်းမှာ အလှည့်ကျ အသုံးပြုရန် လိုအပ်လာမှာဖြစ်ပြီး ဒရက်ဇလာဟာ အသင်းက ခေါ်ယူလိုတဲ့ ကစားသမားဖြစ်လာနိုင်ပါတယ်။

ဒရက်ဇလာကို အာဆင်နယ်နှင့် လီဗာပူးလ်တို့က ခေါ်ယူဖို့ ကစားသမားနဲ့ အဆက်အသွယ်ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ် ၃ ယောက်အတွဲမှာ နေမာ၊ အမ်ဘတ်ပီနှင့် ကာဗာနီတို့ကို နည်းပြ အမ်မရီက အသုံးပြုနေပြီး ဒရက်ဇလာအနေနဲ့ ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်နေရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဒရက်ဇလာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီပြောင်းရွှေ့ကာမှာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိခဲ့ပြီး ဒုတိယရာသီဝက်မှာ လီဂူ ၁ မှာ ၁၂ ပွဲ ကစားခဲ့ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required