မိုးရာသီမှာ သတိထားရမယ့် စားသောက်ပုံအာဟာရ

မိုးရာသီမှာ သတိထားရမယ့် စားသောက်ပုံအာဟာရ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

မိုးရာသီနဲ့ အစားအစာ

ပတ်ဝန်းကျင်လေထုက စိုစွတ်ထိုင်းမှိုင်းတတ်တဲ့ မိုးရာသီမှာ ရေနဲ့အစားအစာတွေကတဆင့် ကူးစက်ဖြစ်ပွားစေတဲ့ ရောဂါတွေရှိတတ်ပါတယ်။ ဗိုင်းရပ်စ်၊ မှိုပိုးနဲ့ ဘက်တီးရီးယားတွေကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်းနဲ့ အစာချေစနစ်တွေမှာ ရောဂါဝင်စေတတ်ပါတယ်။ ကိုယ်ခံအားစနစ်နဲ့ အစာကြေစနစ်တို့က စိုထိုင်းတဲ့ရာသီဥတုမှာ ထိခိုက်ဖို့ ပိုလွယ်တာကြောင့် အအေးမိခြင်း၊ ဖျားခြင်း၊ ဝမ်းပျက်ခြင်း၊ အစာမကြေခြင်းတို့လို အဖြစ်များတဲ့ရောဂါတွေနဲ့ ဒုက္ခရောက်ကြရပါတယ်။

ရေနဲ့ အစားအစာကတဆင့် ကူးစက်ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက မိုးတွင်းမှာ အမြဲပိုဖြစ်လွယ်ပြီး ပိုးမွှားတွေနဲ့ဘက်တီးရီးယားတွေကလည်း စီးဆင်းမှုမရှိတဲ့ ရေမြောင်း၊ ရေအိုင်တွေနဲ့ စိုထိုင်းတဲ့နေရာတွေ မှာ ပေါက်ဖွားကြတာများပါတယ်။

ဒါ့ကြောင့် မိုးရာသီမှာ ကိုယ့်ရဲ့အစားအသောက်ကို သတိပြု ဂရုစိုက်နိုင်ဖို့ အရေးကြီးပါတယ်။ လမ်းဘေးအစားအစာတွေကို ရှောင်ပြီး အိမ်မှာပဲ ချက်ပြုတ်စားသောက်နိုင်ရင်လည်း အကောင်းဆုံးဖြစ်ပါတယ်။

အတော်များများက မိုးရာသီမှာ ချဉ်ချဉ်စပ်စပ်လေးတွေ စားချင်တတ်ကြတာကြောင့် လမ်းဘေးက လွယ်လွယ်ဝယ်စားတတ်ကြပါတယ်။ ဒီရာသီမှာတော့ ဆင်ခြင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီတဲ့ အစာအာဟာရတွေကို ရွေးချယ်မှသာ သင့်ကို မိုးရာသီမှာဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေရန်က ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

မိုးရာသီမှာစားသုံးသင့်တဲ့ အစားအစာများ

  • ပြောင်းဖူး၊အုတ်ဂျုံ၊ မုယောစပါးနဲ့တခြားနှံစားအာဟာရတွေကို ပိုစားပါ။
  • ပဲနီလေး၊ ပဲလွန်း၊ကြက်ဟင်းခါးသီးတို့လို ရောဂါပိုးကိုသေစေနိုင်စွမ်းရှိတဲ့အစားအစာတွေစားသင့်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဂုဏ်သတ္တိမြင့်မားတဲ့ သခွားသီးကိုလည်းစားပေးသင့်ပါတယ်။
  • ကိုယ်ခံအားကိုကောင်းစေတဲ့နနွင်းကိုလည်း စားသုံးသင့်ပါတယ်။ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိနဲ့လူသိများပြီး လည်ချောင်းရောဂါပိုးဝင်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ အစားအစာထဲ ဟင်းထဲထည့်ချက်တာ ဒါမှမဟုတ် အိပ်ရာမဝင်ခင် နွားနို့ပူပူထဲ ထည့်သောက်တာမျိုး လုပ်နိုင်ပါတယ်။
  • အဖျား၊ အအေးမိ၊ ချောင်းဆိုး၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊တုပ်ကွေးနဲ့တခြားအသက်ရှူ လမ်းကြောင်းရောဂါတွေအတွက် ဆေးဖက်ဝင်တဲ့ငရုတ်ကောင်းဟာ မိုးရာသီအစားအစာတွေထဲ မပါမဖြစ်ဖော်ပြရမယ့် ပါဝင်ပစ္စည်းတစ်ခုပါ။
  • ကြက်ဥ၊ အထူးသဖြင့် ကြက်ဥအနှစ်က ခွန်အားဖြစ်စေတဲ့ အာဟာရတစ်မျိုးဖြစ်ပြိး မိုးရာသီမှာ စားသင့်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်ဥကိုတော့ အခွံမှာသန့်စင်အောင်လုပ်ပြီးမှ စားသုံးသင့်ပါတယ်။
  • ဒိန်ချဉ်၊ ပျားရည် တို့အပြင် ကိုယ်ခံအားကိုကောင်းစေတဲ့ ကြက်သွန်ဖြူနဲ့ တရုတ်နံနံတို့ကိုလည်း စားပေးပါ။
  • အစာခြေစနစ်ကိုကောင်းစေတဲ့ ချင်းက မိုးရာသီမှာအအေးမိဝေဒနာမဖြစ်အောင်လည်း ကာကွယ်ပေးနိူင်ပါတယ်။
  • မိုးရာသီမှာ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးမယ့် လက်ဖက်စိမ်း လိုမျိုး ဆေးဖက်ဝင်လက်ဖက်ရည်ကြမ်းတွေကို သောက်သုံးသင့်ပါတယ်။
  • ဗီတာမင် စီ ပါဝင်တဲ့ လိမ္မော်သီးနဲ့ သံပရာသီးတို့ကလည်း ကိုယ်ခံအားကိုကောင်းစေပြီး တုပ်ကွေးနဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
  • ဒီရာသီမှာ သင်္ဘောသီး၊မာလကာသီး၊ မက်မွန်သီးနဲ့ဆီးသီးတို့လို လတ်ဆတ်တဲ့သစ်သီးတွေကို စားပေးပါ။

ဒါတွေအပြင် ပန်းဂေါ်ဖီစိမ်း၊တရုတ်နံနံ၊ ဟင်းနုနွယ်၊ နဲ့တခြားအစိမ်းရောင်အသီးအရွက်တွေကိုလည်း စားပေးနိုင်ပါတယ်။ အသီးအရွက်တွေမှာ မသန့်ရင် အင်းဆက်တွေ၊ ရောဂါပိုးတေါကပ်ငြိပါလာနိုင်တာကြောင့်  သေချာဆေးကြောသန့်စင်ဖို့တော့ သတိထားရပါမယ်။

အစားအသောက်နဲ့ပတ်သက်ပြီး သတိပြုစရာများ

  • အစားအစာတွေကို သိမ်းဆည်းရာမှာအထူးသတိထားပါ။တရုတ်နံနံနဲ့တခြားအသီးအရွက်တွေဟာ စိုထိုင်းတဲ့နေရာမှာ သိမ်းဆည်းရင် မှိုဖြစ်ပေါ်တတ်တာကြောင့် ခြောက်သွေ့တဲ့နေရာမှာ ထားရပါမယ်။
  • အေးစက်နေတာလည်းမဟုတ်၊ အရမ်းလည်းပူနေစရာမလိုဘဲ အစားအစာပူနွေးနွေးကို စားပါ။
  • အေးနေတဲ့အစားအစာနဲ့ အစိမ်းစားတာတွေထက် စွပ်ပြုတ်ရည် နဲ့ ချက်ပြုတ်ပြီးသားတွေကိုပဲ စားပါ။
  • ဟင်းချက်ဖို့ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် သိမ်းဆည်းတဲ့အခါ ချက်ပြုတ်ပြီးသားတွေနဲ့ အစိမ်းတွေကို ခွဲထားပါ။
  • အစားအစာတွေကို ကိုင်တွယ်တဲ့အခါ လက်ဆေးပါ။
  • စဉ်းတီတုံးနဲ့ မီးဖိုချောင်စားပွဲကို အမြဲ သန့်ရှင်းအောင်ထားပါ။
  • အစားအစာပစ္စည်းတွေကို သန့်ှရှင်းတဲ့နေရာတွေမှာပဲထားပါ။ သောက်စရာတွေကို စားစရာတွေနဲ့ ရောမထားပါနဲ့။
  • တခြားစားသောက်စရာတွေပေါ် အရည်တွေတစက်စက်မကျစေဖို့ အသားငါးတွေကို အပေါ်ကနေရောမထည့်ပါနဲ့။
  • စားစရာတွေကို အဖုံးမအုပ်ဘဲ ဒီအတိုင်းမထားခဲ့ပါနဲ့။

အထက်ပါအချက်တွေကိုလိုက်နာမယ်ဆိုရင် မိုးရာသီအတွင်းမှာ ဘေးကင်းကျန်းမာနေပါလိမ့်မယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာ မမေ့ပါနဲ့။

မုတ်သုံရာသီအတွင်း ရှောင်ရှားသင့်တဲ့အစားအစာတွေ

  • အစာမကြေဖြစ်စေနိုင်တဲ့အစားအစာတွေ၊ စမူဆာ၊ ဘာဂါတို့လို ဆီများတဲ့အစားအစာတွေနဲ့ အငန်များတဲ့ စားစရာတွေကို ရှောင်သင့်ပါတယ်။
  • မချက်ပြုတ်ရသေးတဲ့အစားအစာတွေမှာ အစာချေစနစ်ကချေဖျက်ဖို့ ခက်ခဲတဲ့ အင်ဇိုင်းတချို့ပါဝင်တာကြောင့် ဒီရာသီမှာ ဘယ်အရာမဆို အစိမ်းစားခြင်းက အန္တရာယ်အများဆုံးဖြစ်ပါတယ်။ အစိမ်းစားတဲ့အခါ ဘက်တီးရီးယားနဲ့တခြားပိုးမွှားတွေရဲ့ အန္တရာယ်ကိုလည်း စိုးရိမ်ရပါတယ်။
  • ပါတီပွဲတွေ၊ စားသောက်ဆိုင်တွေမှာ စီမံချက်ပြုတ်တဲ့ အသုပ်တွေနဲ့ အရွက်တွေကို အများကြီးမစားသင့်ပါဘူး။ င်္ဒီလိုနေရာတွေမှာ အသီးအရွက်တွေထဲ ရောဂါပိုးမွှားပြန့်ပွားမှုမြန်ဆန်စေနိုင်တာကြောင့်ဖြစ်ပါတယ်။
  • ဖရဲသီး၊ သခွားသီးနဲ့တခြားအရည်ရွှမ်းတဲ့အသီးတွေကို ဈေးထဲက လှီးဖြတ်ပြီးသားဝယ်မစားသင့်ပါဘူး။
  • ကြက်ဥနဲ့ ပင်လယ်စာတွေကို မိုးရာသီမှာ အစိမ်းမစားသင့်ပါဘူး။ မုတ်သုံရာသီမှာ ငါးတချို့နဲ့ ပုဇွန်တွေကနေ ပြင်းထန်တဲ့အစာအိမ်ရောဂါပိုး ကူးစက်ခံရတတ်တာကြောင့် သတိထားသင့်တာဖြစ်ပါတယ်။
  • လမ်းဘေးစာမစားပါနဲ့။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်က သန့်ရှင်းတဲ့ရေကိုသောက်ဖို့ပါပဲ။ မိုးတွင်းမှာ ရေကိုကျိုချက်သောက်ပါ။ ရေသန့်စက် သို့မဟုတ် ရေသန့်ဘူးကရေကိုလည်း သောက်နိုင်ပါတယ်။ အစားမစားခင် အမြဲလက်ဆေးပါ၊ အသီးအရွက်တွေကို အစိမ်းစားခြင်း၊ အခွံမနွှာဘဲ သစ်သီးစားခြင်းများကို ရှောင်ကြဉ်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly