ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်လာခဲ့ရင် ဘယ်သူမှ အနိုင်ရမှာ မဟုတ်ကြောင်း တရုတ် သတိပေး

By AFP
26 September 2017
ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်လာခဲ့ရင် ဘယ်သူမှ အနိုင်ရမှာ မဟုတ်ကြောင်း တရုတ် သတိပေး

 

စက်တင်ဘာ ၂၆ ။                  ။ အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား အပြန်အလှန်တိုက်ခိုက်ပြောဆိုမှုတွေနဲ့အတူ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေတဲ့အခြေအနေအပေါ် တရုတ်တို့က သတိပေးလိုက်ပြီး တစ်ဆက်တည်းမှာလည်းပဲ ယင်းဒေသမှာ တကယ်လို့များ စစ်ဖြစ်လာခဲ့ရင်လည်း ဘယ်သူမှ အနိုင်ရဖို့ မရှိတာကြောင့် ရန်လိုနေတဲ့အပြုအမူတွေကို ရှောင်ကြဖို့ သက်ဆိုင်ရာနိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

ယခု နောက်ဆုံးလက်ရှိအခြေအနေအရတော့ အမေရိကန်တို့က မိမိတို့ စစ်ကြေညာထားကြောင်း မြောက်ကိုရီးယားတို့က စွပ်စွဲပြောကြားလိုက်မှုနဲ့အတူ အခြေအနေတွေက ပိုမိုတင်းမာလာနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်တွေအတွင်းကတည်းက ဝါရှင်တန်နဲ့ ပြုံယမ်းတို့အကြားက စကားလုံးတိုက်ပွဲတွေ အရှိန်မြင့်နေခဲ့တဲ့နောက်ပိုင်းမှာ ယင်းနိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းတဲ့ ဆွေးနွေးပြောဆိုမှုတွေပဲ လုပ်ကြဖို့ ပေကျင်းအစိုးရက တောင်းဆိုပြောကြားခဲ့ပါတယ်။

လက်ရှိကာလမှာ ရန်လိုပြီး အထီးကျန်ဆန်နေတဲ့ မြောက်ကိုရီးယားတို့ကတော့ ယခုလအစောပိုင်းတုန်းကပဲ ယင်းရဲ့ ခြောက်ကြိမ်ခြောက် နျူကလီးယားစမ်းသပ်မှုကြီးတစ်ခုကို လုပ်ဆောင်ထားခဲ့ပါတယ်။

ဝါရှင်တန်နဲ့ ပြုံယမ်းတို့ အကြား အပြန်အလှန် အင်အားပြ ကြွားဝါ ထုတ်ဖော်ခြိမ်းခြောက်ပြောဆိုနေမှုတွေဟာ  ထိပ်တိုက်တွေ့ဆုံမှု အန္တရာယ်ကို ပိုတိုးစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လွီကန်းက ပြောပါတယ်။

" ကိုရီးယားကျွန်းဆွယ်မှာသာ စစ်ဖြစ်လာခဲ့ရင် သေချာပါတယ်၊ အနိုင်ရမယ့်သူ ရှိမှာမဟုတ်ပါဘူး၊ ဘာကောင်းကျိုးမှ မရှိနိုင်ပါဘူး၊ ကောင်းကျိုးမရှိနိုင်တဲ့အပြင် ဒေသတစ်ခုလုံးနဲ့ ကျန်နိုင်ငံတွေအတွက်ပါ ဆိုးကျိုးတွေပဲ ရသွားစေနိုင်ပါတယ်" ဆိုပြီး လွီက ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရအနေနဲ့ ခြိမ်းခြောက်မှုတွေသာ ဆက်ပြီးလုပ်နေမယ်ဆိုရင် သက်ဆိုးရှည်နိုင်မှာမဟုတ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောဆိုထားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required