ထရမ့်သည် သူ့ကိုယ်သူကမ္ဘာကြီး၏ ဧကရာဇ်တစ်ဦးအဖြစ် ရှုမြင်နေကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

By AFP
26 September 2017
ထရမ့်သည် သူ့ကိုယ်သူကမ္ဘာကြီး၏ ဧကရာဇ်တစ်ဦးအဖြစ် ရှုမြင်နေကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

 

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆။                    ။ ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် သူ့ကိုယ်သူ ကမ္ဘာကြီး၏ဧကရာဇ် တစ်ဦးအဖြစ် ထင်မြင်နေပြီး ထိုပုံစံအတိုင်းပြုမူနေကြောင်း ကုလသမဂ္ဂအထွေထွေ အစည်းအဝေးပွဲ၌ ပြောကြား ခဲ့သလို နျူကလီးယားလက်နက်များ လေ့လာစမ်းသပ်နေမှုကို မရပ်တန့်ပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ် မည်ဆိုသော ထရမ့်၏ခြိမ်းခြောက်ပြောဆိုချက်ကိုလည်း တနင်္လာနေ့က ဝေဖန်ရှုံ့ချခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံမှ တာဝန်ရှိသူအချို့ကို ခရီးသွားလာခွင့်ပိတ်ပင်သည့် ဥပဒေ၌ လက်မှတ် ရေးထိုးခဲ့သလို ဗင်နီဇွဲလားအစိုးရသည် အကျင့်ပျက်ခြစားသော အစိုးရဟု ပြီးခဲ့သောအပတ်က ဝေဖန်သမုတ် ခဲ့သည့်အတွက် နိုင်ငံခြားရေးဝန်ကြီး ဂျော်ဂျီအာရီယာဇာက ကမ္ဘာ့ခေါင်းဆောင်ကြီးများ စုဝေးတက်ရောက် နေသော နှစ်စဉ်ကျင်းပနေကြ ကုလသမဂ္ဂအစည်းအဝေးပွဲ၌ ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ကိုယ်သူ ကမ္ဘာကြီးရဲ့ဧကရာဇ်တစ်ဦးအဖြစ် အထင်ရောက်နေပါ တယ်။ အဲ့လိုပံစံအတိုင်းပဲ သူဟာ ငြိမ်းချမ်းရေးတည်ဆောက်မယ့် စကားတွေကို ပြောရမယ့်အစား စစ်ကြေညာ ဖို့ကိုပဲ ပြောနေပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို အလုံးစုံချေမှုန်းပစ်ပြီး နိုင့်ထက်စီးနင်း လုပ်ချင်နေပါ တယ်။ ကျနော်တို့ အဖွဲ့အစည်းထဲမှာရှိတဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတွေအပေါ်မှာ သူ့ရဲ့အကြွင်းမဲ့သြဇာ အာဏာ သက်ရောက်နေတဲ့အတိုင်းပဲ လိုက်ပြီးစီရင်ချက်ချနေပါတယ်။ ခြိမ်းခြောက်နေပါတယ်” ဟု အာရီယာဇာက ပြောခဲ့သည်။

ထရမ့်က အကယ်၍မြောက်ကိုရီးယားတို့အနေဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို ထိပါးလာပါက ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။

ပြီးခဲ့သောအပတ်ကလည်း ထရမ့်က ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်မာဒူယိုသည် အကျင့်ပျက်ခြစားနေသော အစိုးရအဖွဲ့နှင့်အတူ နိုင်ငံကိုအုပ်ချုပ်နေကြောင်း ကုလသမဂ္ဂအစည်းအဝေး၌ ပြောကြားခဲ့သည်။ ထိုပြောဆို ချက်ကို တုံ့ပြန်သည့်အနေဖြင့် ကာရာကတ်စ်မြို့ရှိ မာဒူယိုက ထရမ့်သည် နိုင်ငံတကာနိုင်ငံရေး မျက်နှာစာတွင် ဟစ်တလာလက်သစ်တစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required