မွေးကင်းစကလေး အလောင်းစွန့်ပစ်မှုတွင် စွန့်ပစ်သူကို မသိရှိ၍ အမှုမဖွင့်ဟုဆို

မွေးကင်းစကလေး အလောင်းစွန့်ပစ်မှုတွင် စွန့်ပစ်သူကို မသိရှိ၍ အမှုမဖွင့်ဟုဆို
ဓာတ်ပုံ-အောင်နိုင်ဝင်း
 

မော်မြိုင်မြို့၊ စက်တင်ဘာ ၂၅ ။           ။ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက် ဆင်ရုံကျောင်းနောက်လမ်းနှင့် နာရေးအသင်းရုံးလမ်းရှိ အမှိုက်များ ပစ်ထားသည့်နေရာတွင် စက်တင်ဘာ၂၄ ရက် နံနက် ၁၁ နာရီခန့်က မွေးကင်းစကလေးငယ်တစ်ဦး အလောင်းစွန့်ပစ်ထားမှုအား လာရောက်စွန့်ပစ်သူကို မသိရှိ၍ အရေးမယူ အမှုမဖွင့်ရခြင်းဖြစ်ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

"ဒီလိုမွေးကင်းစ ကလေးငယ်ကို လာစွန့်ပစ်ထားတာတွေ့ ရဲစခန်းကို အကြောင်းကြားလိုက်တော့ ရဲတွေ လာစစ်ဆေးသွားတာတော့ တွေ့တယ် ။ ဘယ်သူလာပစ်သွားလည်း ဆိုတာတော့ မသိရှိရသေးဘူး" ဟု သီရိခေမာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

စွန့်ပစ်ထားသော ကလေးငယ်အလောင်းကို သွားရောက်စစ်ဆေးခဲ့ရာ ယင်းကလေးငယ်မှာ မွေးဖွားပြီးမှ သေဆုံးခဲ့ရခြင်း လက္ခဏာမျိုးမဟုတ်ဘဲ ကိုယ်ဝန်ပျက်ကျသည့် အနေအထားမျိုးဖြစ်ကာ လာရောက်စွန့်ပစ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

"ကျွန်တော်တို့ကတော့ လိုက်လံစုံစမ်းနေပါတယ်၊ ဒီလိုကိုယ်လက်အင်္ဂါတောင် မစုံသေးဘဲ ကလေးငယ်ကို လာစွန့်ပစ်ထားတဲ့ သူကို စုံစမ်းဖော်ထုတ်ပြီးတော့မှ အမှုဖွင့်အရေးယူသွားမှာပါ" ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ မွေးကင်းစ ကလေးငယ်အလောင်းကို လာရောက်စွန့်ပစ်ထားမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သဖြင့် ရေးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းအလောင်းစွန့်ပစ်မှုကိစ္စနှင့် ပတ်သက်ပြီး အမှုဖွင့်အရေးယူထားခြင်း မရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required