အစားအသောက်နှင့် နည်းစနစ်များကောင်းလာပါက မြန်မာ့အားကစား ရင်ဘောင်တန်းနိုင်မည်

အစားအသောက်နှင့် နည်းစနစ်များကောင်းလာပါက မြန်မာ့အားကစား ရင်ဘောင်တန်းနိုင်မည်

နေပြည်တော် ၊ စက်တင်ဘာ ၂၅ ။           ။ အစားအသောက်များ၊ နည်းပြစနစ်၊ နည်းစနစ်များ ပိုကောင်းလာနိုင်မည်ဆိုလျှင် အချိန်ကာလ တစ်ခုပေးပြီး လေ့ကျင့်မည်ဆိုပါက မြန်မာ့ အားကစားသည် အခြားနိုင်ငံများ နှင့်ယှဉ်နိုင်မည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်ကပြောသည်။

“အချိန်ကာလတစ်ခုမှာ နည်းပြတွေကောင်းလာမယ်၊ အားကစားသမားတွေ စိတ်စွမ်းအားတွေလည်း ကောင်းလာမယ် ၊ အစားအသောက်တွေ ကောင်းလာမယ် ပြီးရင် အားကစားအထောက်အပံ့ ပစ္စည်းတွေ ကလည်း ပိုပြီးတော့ ကောင်းလာမယ်ဆိုရင်တော့ ကျွန်တော်တို့ အချိန်ကာလတစ်ခုမှာတော့ သူများနိုင်ငံကို ရင်ဘောင်တန်းနိုင်တဲ့ အဆင့်တော့ ရောက်လာမှာပေါ့ဗျာ” ဟု ပြောသည်။

မြန်မာ့အားစားသည် နိုင်ငံတွင်းတွင် နှစ်ပေါင်းများစွာ ရပ်တန့်နေသည့် အတွက် ယခုမှ အစကနေ ပြန်လုပ်နေ ရသည့် ပုံစံဖြစ်နေသည့်အတွက် စိတ်ရှည်သည်းခံဖို့လိုကြောင်းလည်း ဦးမျိုးလှိုင်က ဆိုသည်။

စက်တင်ဘာ ၂၅ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များနှင့် သုံးသပ်ညှိနှိုင်းအစည်းဝေး ခေတ္တရပ်နားချိန်တွင် ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းဝေးတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာအားကစား အဖွဲ့ချုပ် များမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းဝန်များ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲများတွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်သည့်အခါ အားနည်းချက်၊ အားသာချက်များကို တင်ပြခဲ့ကြပြီး နိုင်ငံတော်ဘက်မှ အားကစားဖွံ့ဖြိုးဖို့အတွက် ကူညီများပေးသွားမည်ဖြစ်သည်။

၂၉ ကြိမ်မြောက် မလေးရှား ဆီးဂိမ်းတွင်မြန်မာအားကစားသမားများသည် ကစားနည်း ၃၉ မျိုးရှိသည့် အနက် ၂၉ မျိုး သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ကစားနည်း ၁၂မျိုးမှ ရွှေ(၇)ခု ၊ ငွေ(၁၀)ခုနှင့် ကြေးတံဆိပ်(၂၀)ခု နှင့် စုစုပေါင်း (၃၇) ခု ရရှိထားပါတယ်။

ဝူရှူး ကစားနည်းမှ ရွှေ(၂)၊ ငွေ(၂)၊ ကြေး(၂)၊ ပိုက်ကျော်ခြင်းကစားနည်းမှရွှေ(၂)၊ ငွေ(၂)၊ ကြေး(၁)၊ ခြင်းလုံးမှရွှေ(၂)ခု၊ သေနတ်ပစ်ပြိုင်ပွဲမှ ရွှေ(၁) ကြေး(၃)၊ ဘိလိယက် စနူကာပြိုင်ပွဲမှ ငွေတံဆိပ်(၃)ခု၊   ကြေးတံဆိပ်(၃) ခု၊ ဂျုဒိုပြိုင်ပွဲမှ ငွေ(၁)ခု၊ မြှားပစ်ပြိုင်ပွဲမှ ငွေ(၁)၊ ဟော်ကီအားကစားနည်းမှ ငွေ(၁)ခု၊ ကရာတေးဒိုမှ ကြေးတံဆိပ်(၄)ခု၊ တိုက်ကွမ်ဒို မှ ကြေးတံဆိပ်(၄)ခု ၊ ဘောလုံးပြိုင်ပွဲမှ ကြေး(၁)ခု ၊ ပြေးခုန်ပစ် မှ ကြေး(၁)ခု နှင့် အလေးမ ပြိုင်ပွဲတို့မှ ကြေးတံဆိပ်(၁) စုစုပေါင်းကစားနည်း ၁၂မျိုးမှ ဆုတံဆိပ်ပေါင်း ၃၇ ခုရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required