အစုုိးရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် DPNတို့ အောက်တုုိဘာလ ပထမအပတ်တွင် သတ္တမအကြိမ်တွေ့ဆုံမည်

အစုုိးရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် DPNတို့ အောက်တုုိဘာလ ပထမအပတ်တွင် သတ္တမအကြိမ်တွေ့ဆုံမည်

ချင်းမိုင်၊စက်တင်ဘာလ ၂၅ ။             ။ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့်UNFC၏ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ လာမည့် အောက်တိုဘာလ ပထမအပတ်တွင် ရန်ကုန်မြို့ ၌ သတ္တမအကြိမ် တရားဝင် တွေ့ဆုံနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပြီး အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် မူ မဖြစ်နိုင်သေးကြောင်း DPN မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ဖက် တရားဝင် တွေ့ဆုံနိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံ ဆွေးနွေမှုအပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မူလက  သြဂုတ်လကုန်ပိုင်းတွင်နှစ်ဖက်တွေ့ဆုံရန် သဘောတူထားသော်လည်း မတွေ့ဆုံနိုင်ခဲ့ပေ။ DPN ဘက်က အဆိုပြုထားသော အချက် ၈ ချက်ကိုလည်း ပြေလည်အောင် ညှိနှိုင်းနိုင်ခြင်း မရှိသဖြင့် လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့ NCA ၂ နှစ်ပြည့်နေ့တွင် NCAလက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးကြောင်း နိုင်အောင်မငေးက ပြောသည်။

“ဒီလက်မှတ်ထိုးတဲ့ကိစ္စကတော့ ကျနော်တို့အရင်ကတည်းက ပြောထားပြီလေ။ ဒီ ၈ချက်အပေါ်မှာ ပြေလည်မယ်။ ခိုင်မာမှု ရှိမယ်ဆိုရင် NCA ထိုးဖို့တော့ တော်တော်လေး နီးစပ်လာပြီ။ ကျနော်တို့ နံပါတ် ၉ မှာ အဆိုပြုထားတဲ့အတိုင်း လုံးဝ ဝင်သွားပြီပေါ့။ ဒါပေမယ့် အခုက ဒီအချက် ၈ချက် ကိုမှ အသေအချာ မရှိသေးဘူးဆိုတော့ ကျနော်တို့ သတ်မှတ်ထားတဲ့အတိုင်း အရင်က မျော်လင့်ထားတဲ့ အောက်တိုဘာ ၁၅ ရက်ကတော့ ရက်တော့ နီးကပ်လာပြီဆိုတော့ ဖြစ်ဖို့ နည်းနည်း ဝေးသွားပြီ”ဟု နိုင်အောင်မငေးက သတင်းထောက်များကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ဖွဲ့နှင့် အစိုးရတို့အကြား လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးခဲ့မှု ၂ နှစ်ပြည့်တွင်လက်မှတ်မထိုးရသေးသော UNFC အဖွဲ့ဝင်များလည်း လက်မှတ်ရေးထိုးနိုင်မည်ဟု အစိုးရဘက်မှ ပြောဆိုမှုများ ရှိခဲ့သည်။

PC အဖွဲ့ဝင် ဦးအောင်စိုးက “ဒီဘက်က တင်ပြထားတဲ့ အချက် ၈ ချက်အပေါ်မှာ ကျနော်တို့ပြန်လည် ပြီးတော့ သုံးသပ်ကြတာပါ။ သုံးသပ်ပြီးတော့ ရန်ကုန်မှာ သတ္တမအကြိမ် တရားဝင် တွေ့ဆုံတဲ့အချိန်ကြရင် ဒီအချက်တွေ အားလုံး သဘောတူညီပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ ဆွေးနွေးကြပါတယ်။ ဒီနေ့ ကျနော်တို့နှစ်ဖက် ညှိနှိုင်းချက်အရတော့ အောက်တိုဘာ ၆၊ ၇ လို့ ပေးလိုက်ပါတယ်။ ကျနော်တို့ဘက်ကတော့ မနက်ဖြန်မှ ရန်ကုန်ပြန်ရင် ထပ်ညှိရအုန်းမယ်”ဟု ပြောသည်။

DPNဘက်မှ တင်ပြထားသည့် ၈ ချက်အပေါ် ပြန်လည် သုံးသပ်ခဲ့သော်လည်း နှစ်ဖက် တည်းသဘောတူ ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ပေ။

“ဒီနေ့ ကျနော်တို့ဘက်ကလည်း ပြုပြင်ချင်တာလည်းတွေ ပါလာတယ်။ ပါလာတော့ နှစ်ဖက် ညှိနှိုင်းလိုက်တဲ့အချိန်မှာ ညှိနှိုင်းလို့ ၁ ကနေ ၄ အထိက ပြေလည်တယ်။ ၅ ၆၊ ၇၊ ၈ ကကြတော့ ကျနော်တို့နဲ့ ဆုံးဖြတ်လို့မပြီးတဲ့ ကိစ္စလေးတွေပါတယ်။ ဒီဘက်တင်ပြတဲ့ အချက်တွေကို ကျနော်တို့ ယူသွားတယ်။ ဒီအစည်းအဝေးမှာ အပြီး မဆုံးဖြတ်ဘဲ နှစ်ဖက် သဘောတူ ညီချက်ကို ယူသွားတယ်။ ယူသွားပြီးတော့ တရားဝင်တွေ့ဆုံတဲ့ ပွဲကျရင် ဒီ ၈ချက်ကို အကျေအလည် ညှိနှိုင်းပြီး သဘောတူညီချက်ရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု ဦးအောင်စိုးက ပြောသည်။

ထို့ပြင် ယနေ့ ဆွေးနွေးမှုတွင် လာမည့် သတ္တမအကြိမ် တရားဝင် တွေ့ဆုံမှုတွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံရန် DPN ဘက်က တင်ပြထားသည်ဟု နိုင်အောင်မငေးက ပြောသည်။

DPN နှင့် PC တို့သည် ပြီးခဲ့သည့် သြဂုတ်လက ဆဌ္စမအကြိမ် တရားဝင် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် ရေးဆွဲရေး၊ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်အဖွဲ့ (JMC)ကို ပြန်လည် သုံးသပ်ရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်နိုင်ရေးတို့ အပါအဝင် အချက် ၄ ချက် ဆက်လက် ညှိနှိုင်းရန် ကျန်ရှိခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့ NCA လက်မှတ်ရေးထိုးခဲ့မှုသည် လာမည့် အောက်တိုဘာလတွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags