ဟိန္ဒူဘာသာဝင်များအား အစုလိုက် မြှုပ်နှံထားသည့် မြေကျင်း နှစ်ကျင်းထပ်တွေ့

ဟိန္ဒူဘာသာဝင်များအား အစုလိုက် မြှုပ်နှံထားသည့် မြေကျင်း နှစ်ကျင်းထပ်တွေ့
ယမန်နေ့က တွေ့ရှိသော ရုပ်အလောင်းများအား တွေ့ရစဉ်။ Photo-Information Committee

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ။            ။ ဟိန္ဒူဘာသာဝင်များကို အစုလိုက်မြုပ်နှံထားသည့် မြေကျင်းနှစ်ကျင်းကို ယနေ့ စက်တင်ဘာလ ၂၅ ရက်တွင် မောင်တောဒေသ၌ ထပ်မံ တွေ့ရှိထားသည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

"အဲ့သတင်းရတာတော့ ကြားထားတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး" ဟု ဦးရဲထူးကဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် ဟိန္ဒူဘာသာဝင်များကို မြုပ်နှံထားသည့် မြေကျင်းနှစ်ကျင်း တွေ့ရှိခဲ့ပြီးနောက် အလောင်း ၂၈ လောင်း တူးဖော်ရရှိထားပြီး ယနေ့ထပ်မံတွေ့ရှိခြင်း ဖြစ်သည်။

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာနှင့် တမန်းသားကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၃ ဦးသည် သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်များ အတွင်း ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် ရဲဘော်ကျားကျေးရွာနေသူတစ်ဦးက စစ်တွေမြို့သို့ ရောက်ရှိနေသည့် မောင်တောလေးမိုင်တွင် နေထိုင်သူ ဟိန္ဒူဘာသာဝင်ကူညီရေး ခေါင်းဆောင်ထံ ဖုန်းဖြင့် ဆက်သွယ် သတင်းပေးချက်အရ အဆိုပါ ရုပ်အလောင်းများကို ရှာဖွေနေခြင်းဖြစ်သည်။

"ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေအမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန်" ဆိုသည့်အချက်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များအား အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် တိုက်တွန်းထားသည်။

မောင်တောဒေသ၌ အစိုးရ၏ အစီအစဉ်ဖြင့် ပြည်တွင်းပြည်ပသတင်းမီဒီယာများ သတင်းရယူခဲ့ရာတွင်  ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင်များက ယင်း တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူ ဘာသာဝင် ၉၃ ဦး၏ သတင်းကို ပြောဆိုခဲ့သော်လည်း ဒေသတွင်း အာဏာပိုင်များက အတည်ပြုပေးခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required