အမေရိကန်တို့ မြောက်ကိုရီးယားကို တိုက်ခိုက်မှာမဟုတ်ဟု လက်ဗ်ရော့ဗ်ပြောကြား

By AFP
25 September 2017
အမေရိကန်တို့ မြောက်ကိုရီးယားကို တိုက်ခိုက်မှာမဟုတ်ဟု လက်ဗ်ရော့ဗ်ပြောကြား

 

မော်စကို၊ ရုရှား၊ စက်တင်ဘာ ၂၅ ။                    ။ မြောက်ကိုရီးယားတို့သည် နျူကကလီးယားလက်နက် ပိုင်ဆိုင်ထားသည့်အတွက် အမေရိကန်တို့အနေဖြင့် ပြုံယမ်းအစိုးရကို တိုက်ခိုက်သွားမှာမဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က တနင်္ဂနွေ နေ့တွင် ပြောကြားခဲ့သည်။

“ အမေရိကန်တွေဟာ မြောက်ကိုရီးယားကို တိုက်ခိုက်သွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပြုံယမ်းအစိုးရ မှာ နျူကလီးယားဗုံးတွေရှိတယ်နေဆိုတာကို သူတို့သေချာသိနေလို့ပဲ ဖြစ်ပါတယ်” ဟု လက်ဗ်ရော့ဗ်က ရုရှား ရုပ်သံသတင်းဌာန NTV သို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

“ကျနော် မြောက်ကိုရီးယားဘက်က ကာကွယ်ပြောဆိုနေတာ မဟုတ်ပါဘူး။ ကျနော်က လူတိုင်းနီးပါးလက်ခံတဲ့ စိစစ်တွေ့ရှိချက်ကို ကြည့်ရှုပြီးတော့ ပြောတာပဲဖြစ်ပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

မြောက်ကိုရီးယားတို့သည် မကြာသေးခင်ကမှ ဟီးရိုရှီးမားမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အမေရိကန်တို့၏ ဟိုက်ဒရိုဂျင်ဗုံးထက် ၁၆ဆခန့် ပိုမိုကြီးမားသော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို မြေအောက်၌စမ်းသပ်ခဲ့သည်။ ထိုစမ်းသပ်မှုသည် ၎င်းတို့၏ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုဖြစ်ပြီး အပြင်းထန်ဆုံးလည်း ဖြစ်သည်။

ဆက်လက်ပြီး လက်ဗ်ရော့ဗ်က ယခုအချိန်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကို ပိုမိုပျော့ပြောင်းသော နည်းလမ်း ဖြင့် ချဉ်းကပ်မှသာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ငြင်ငြင်သာသာနဲ့ ကိုင်တွယ်တတ်ဖို့လိုပါတယ်။ ဖျောင်းဖြစည်းရုံးတဲ့နည်းနဲ့ ဖြေရှင်းဖို့လိုပါတယ်” ဟု လက်ဗ်ရော့ဗ်က ပြောခဲ့သည်။

ဒါ့အပြင် သူက အကယ်၍ အမေရိကန်တို့အနေဖြင့် ငြင်သာသောနည်းဖြင့် ချဉ်းကပ်ဖို့မကြိုးစားပါက မခန့်မှန်း နိုင်သော အခြေအနေဆိုးထဲသို့ ကျဆင်းသွားနိုင်ကြောင်းနှင့် အကယ်၍ထိုသို့ ဖြစ်ပေါ်လာပါက တောင်ကိုရီး ယား၊ မြောက်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ပြည်သူအများအပြားအပြင် အနီးအနားရှိ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ပြည်သူများပါ ထိုအခြေအနေဆိုးကြီးကို ကြုံတွေ့ခံစားသွားရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required