အာရှယူ-၁၆ ခြေစစ်ပွဲများအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း နည်းပြချုပ် ဦးညီညီလတ် ပြောကြား

အာရှယူ-၁၆ ခြေစစ်ပွဲများအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း နည်းပြချုပ် ဦးညီညီလတ် ပြောကြား
(ဓာတ်ပုံ - MFF)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၈ ခုနှစ် အာရှ ယူ ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (H) ပွဲစဉ်များကို စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ စက်တင်ဘာ ၂၉ ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းမှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အာရှ ယူ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(H) ပွဲစဉ်များအဖြစ် မြန်မာလက်ရွေးစင် ယူ-၁၆ အသင်းနှင့် တရုတ် လက်ရွေးစင် ယူ-၁၆ အသင်းတို့ဟာ စက်တင်ဘာ ၂၅ ရက်၊ မြန်မာနှင့် တောင်ကိုရီးယား ပွဲစဉ်ကို စက်တင်ဘာ ၂၇ ရက် ၊ မြန်မာနှင့် ဖိလစ်ပိုင် ပွဲစဉ်ကို စက်တင်ဘာ ၂၉ ရက်တို့မှာ အသီးသီး ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။

အာရှယူ-၁၆ ခြေစစ်ပွဲများအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပခဲ့ပြီး ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း နည်းပြချုပ် ဦးညီညီလတ်က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဒီပြိုင်ပွဲ မတိုင်မီ အာဆီယံ ယူ-၁၅ ပြိုင်ပွဲကို ကစားခဲ့ရသလို ထိုင်းနိုင်ငံမှာလည်း သွားရောက် လေ့ကျင့်ရင်း ခြေစမ်းပွဲတွေ ကစားခဲ့ရလို့ ပြင်ဆင်မှုကတော့ လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် အသင်းတွေက ကျနော်တို့ထက် နိမ့်တဲ့ အသင်းတွေမပါဘူးဆိုတာကိုတော့ သိစေချင်ပါတယ်။ ကစားသမားတွေအတွက်လည်း ဒီအသက်အရွယ်ဟာ သင်ယူနေဆဲ ကာလဖြစ်တာကြောင့် အတွေ့အကြုံ ကောင်းတွေ ရရှိနိုင်သလို ခြေစစ်ပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။”လို့ ယူ-၁၆ အသင်း နည်းပြချုပ် ဦးညီညီလတ်က ပြောပါတယ်။

“အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ဖေဖော်ဝါရီလလောက် ကတည်းက စပြီး ပြုလုပ်ခဲ့တာပါ။ ကစားသမားတွေကို ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ ယူ-၁၅ လိဂ်ပြိုင်ပွဲက ကစားသမားတွေထဲက အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူခဲ့တာပါ။ မြန်မာနိုင်ငံမှာ လူငယ် အသင်းတွေက ခြေစွမ်းကောင်းတယ်ဆိုတာကို ကျနော်တို့ အရင်ကတည်းက သိထားပါတယ်။”လို့ တရုတ် လက်ရွေးစင် ယူ-၁၆ အသင်း နည်းပြချုပ် Liu Junwei က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
 
“ကျနော်က ဖိလစ်ပိုင်ရဲ့ နည်းပြသစ်တစ်ယောက်ပါ။ ဖိလစ်ပိုင်ရဲ့ ဘောလုံးလောကက တိုးတက်ဆဲ အနေအထားမှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့ ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။”လို့ ဖိလစ်ပိုင်လက်ရွေးစင် ယူ-၁၆ အသင်း နည်းပြချုပ် Roxy Dorlas ကလည်း ပြောပါတယ်။

“ကျနော်တို့ အသင်းရဲ့ စခန်းသွင်းလေ့ကျင့်ရေးကိုတော့ ကိုရီးယားမှာပဲ ဇွန်လကတည်းက စတင်ခဲ့တာပါ။ ဒီအုပ်စုတွင်းမှာက အခွင့်အရေး ကိုယ်စီ ရှိနေတာကြောင့် ဘယ်အသင်းတွေက အခွင့်အရေး ပိုရနိုင်မယ့်လို့ ပြောလို့ မရသေးပါဘူး။”လို့ တောင်ကိုရီးယား နည်းပြချုပ် Kim Jung Soo က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် အာရှ ယူ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (H) ပွဲစဉ်များ အဖြစ် စက်တင်ဘာ ၂၅ ရက်မှာ တောင်ကိုရီးယား အသင်းနှင့် ဖိလစ်ပိုင်၊ စက်တင်ဘာ ၂၇ ရက်မှာ ဖိလစ်ပိုင်အသင်းနှင့်် တရုတ်အသင်း ပွဲစဉ် ၊ စက်တင်ဘာ ၂၉ ရက်မှာ တောင်ကိုရီးယားအသင်းနှင့် တရုတ်အသင်း ပွဲစဉ်သီးသီးတို့ကို ယှဉ်ပြိုင် ကစားကြမှာဖြစ်တယ်လို့ သိရပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required