မျက်ကွယ်ဆုံးဖြတ်ချက် အရလို့ပဲ ပြောရမှာပါပဲ

မျက်ကွယ်ဆုံးဖြတ်ချက် အရလို့ပဲ ပြောရမှာပါပဲ

ဦးတိုးနိုင်မန်း နှင့် မေးမြန်းခြင်း (ပထမပိုင်း)

သြဂုတ်လ ၁၃ရက်က ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ အထူးအရေးပေါ် အစည်းအဝေး အပြီးမှာ ပါတီ၏ ယာယီဥက္ကဋ္ဌ သူရဦးရွှေမန်း ရာထူးကနေ ရပ်နားကာ ပါတီလုပ်ငန်းများကို ပိုမို ဖိဖိစီးစီး လုပ်ဆောင်နိုင်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် ဒု-ဥက္ကဋ္ဌ ဦးဌေးဦးကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုက်သည်။ ထိုသို့ ကြံ့ခိုင်ရေးပါတီအတွင်း အကြပ်အတည်းများ ဖြစ်နေချိန်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို နေအိမ်အကျယ်ချုပ် ချထားကြောင်း၊ ခေတ္တထိန်းသိမ်းကြောင်း စသဖြင့် ကောလဟလ သတင်းစကားများလည်း ထွက်ပေါ်လာခဲ့သည်။ တချိန်တည်းတွင် ပါတီ၏ မူဝါဒ၊ အာဘော်များကို အဓိက ရေးသားထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာကိုလည်း ရပ်နားလိုက်ရပြီး ဦးရွှေမန်း၏ မိသားစုပိုင် ချယ်ရီ အက်ဖန် ရေဒီယိုမှာလည်း ဂြိုလ်တု စင်ဂနယ်မရဘဲ ထုတ်လွှင့်မှုများ ရပ်ဆိုင်းလိုက်ရသည်။ ယင်းကိစ္စရပ်များ နှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင် တစ်ဦးဖြစ်သူ ဦးတိုးနိုင်မန်းကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြလိုက်သည်။

မေး - သူရဦးရွှေမန်းရဲ့ လုံခြုံရေး အနေအထားကအခု ဘယ်လိုရှိလဲ။ သူ့ကို အကျယ်ချုပ်ချထားတယ်တို့ ဘာတို့ အသံတွေထွက်နေတယ်။ ပြီးတော့ သူကရော ဘယ်မှာရောက်နေလဲ။

ဖြေ - အဲလို အကျယ်ချုပ်ချထားတယ်ဆိုတာကတော့ မဟုတ်ပါဘူးဗျ။ သူက အခု နေပြည်တော်မှာပါပဲ။ သူ့အိမ်မှာပါပဲ။ ဒီနေ့ဆိုရင် သူ့လွှတ်တော်ကိစ္စအတွက် သွားပါတယ်။

မေး - ဥက္ကဋ္ဌရာထူးကို ဖယ်ရှားလိုက်တဲ့ အခါမှာ သူရဦးရွှေမန်းက သူ့ရဲ့သဘော ထားပါပြီးတော့၊ သူ့ရဲ့ Positive Reply နဲ့ အရွှေ့ခံလိုက်တာလား၊ ဒါမှမဟုတ် သူက သဘောမတူဘဲ ရွှေ့လိုက်ရတာလား။

ဖြေ - အလွယ်ပြောရရင်တော့ဗျာ၊ မျက်ကွယ်ဆုံးဖြတ်ချက် အရလို့ပဲ ပြောရမှာပါ။

မေး - ချယ်ရီ အက်ဖ်အမ်ကိုလည်း ရပ်မယ်လို့ ကြားတယ်။ အဲဒီအပေါ်ရော ကိုတိုးနိုင်မန်းအနေနဲ့ ဘာများ ပြောချင်သေးလဲ။

ဖြေ - ချယ်ရီ အက်ဖ်အမ်မှာ Station က ၁၇ ခုရှိပါတယ်။ အဲဒီ Station ၁၇ ခုမှာ ၁၆ ခုက remote site မှာရှိပြီး satellite နဲ့ချိတ်ဆက်ပြီး အသံလွှင့်ရပါတယ်။ မနေ့ကတည်းကစပြီးတော့ နယ်မှာရှိတဲ့ ၁၆ ရုံက Signal (စင်ဂနယ်) မရဘူးလို့ ဆိုတယ်။ အဲဒီ့ စင်ဂနယ်က မရတာက ဘယ်ကမရလဲဆိုတော့ Uplink (အပ်လင့်) လို့ ခေါ်တဲ့ ဂြိုလ်တုကို လွှင့်တင်တဲ့ နေရာကနေ မတက်ဘူးလို့ ဆိုတယ်။ မနက်ကတည်းက ကျွန်တော်တို့ မေးတော့ Technical Error ဆိုတဲ့ သဘောမျိုးပြောတယ်။ သို့သော် အဲဒါကို တိတိကျကျ ဖြေရှင်းပေးဖို့ ကျွန်တော်တို့ လိုက်လံပြီးတော့ ညှိနှိုင်းတဲ့အခါမှာတော့ လုံလောက်တဲ့ အဖြေမရဘူးပေါ့ဗျာ။

ရန်ကုန်မှာရှိတဲ့ station က စတယ်လိုက်နဲ့ တက်တာမဟုတ်ဘူး။ ဒီကောင်ကိုလည်း ကျွန်တော်တို့ ယူဆချက်ပေါ့နော်။ ပုံမှန်မိနေတဲ့ မိအားထက် ပိုပြီးတော့ နည်းသွားစေတဲ့ လိုင်းနှောက်ယှက်မှု၊ ပြီးတော့ Clear မဖြစ်ဘူးလို့ ကြုံနေတယ်လို့ ဆိုနိုင်တယ်။

အဲဒါကတော့ ပရိသတ်တွေက ပြောတာကို ကျွန်တော်တို့ ပြန်ကြားရတာပေါ့နော်။

လာမည့်(၁၅.၈.၂၀၁၅) စနေနေ့မှာတော့ ချယ်ရီအက်ဖ်အမ်နဲ့ ပတ်သက်တဲ့ ထုတ်လုပ်မှု အစီအစဉ်တွေကို ဆွေးနွေးဖို့ဆိုပြီးတော့ ဖိတ်စာတော့ ရောက်လာတယ်။ ရှေ့ဆက်ပြီးတော့မှ ဖွင့်ခွင့်ပေးမှာလား။ ဖွင့်ခွင့်မပေးဘူးလား။ ဘာဆက်လုပ်မလဲဆိုတာ၊ ဒါမှမဟုတ် ကန့်သတ်တာလား။ သူတို့ ဘာပြောမလဲဆိုတာကိုတော့ စနေနေ့ကျမှပဲ သိရမှာပဲ။

 

မေး - မနက်ဖြန်ဆိုရင် ၆ နှစ်ပြည့်တာနော်၊ ဟုတ်တယ်မှတ်လား။

ဖြေ - ၆ နှစ်လည်းပြည့် ရပ်လည်းရပ်ရမလားတော့ မသိပါဘူးဗျာ။

မေး - ကိုတိုးနိုင်မန်းအနေနဲ့ စိုးရိမ်မှုများရှိလားခင်ဗျ၊ နိုင်ငံရေးအပြောင်းအလဲမှာ ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေရဲ့ ထိခိုက်နိုင်မယ်ဆိုတဲ့ စိုးရိမ်စိတ်များ ရှိသလား။

ဖြေ - ကျွန်တော်အတွက်ကတော့ စိုးရိမ်မှု မရှိပါဘူး။ လုပ်ငန်းတွေအတွက်ဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးမှာ ဝန်ထမ်းပေါင်း ၁၈၀၀ ရှိပါတယ်။ ကျွန်တော့်အကိုဆီမှာ Permanent  ဝန်ထမ်း နှစ်ထောင်ကျော်၊ သုံးထောင်လောက် ရှိပါတယ်။ အကြမ်းပြောမယ်ဆိုရင်တော့ နေ့စားမပါ ကျွန်တော်တို့မှာ Permanent ဝန်ထမ်းတွေရှိပြီးတော့ ကျွန်တော်တို့အနေနဲ့ Tax payer၊ Tax collector လုပ်ငန်းကိုလည်း ကျွန်တော်တို့ လုပ်ပါတယ်။ အဲလိုပဲ (SSB) Social Security Boardကနေ သတ်မှတ်ထားတဲ့ ကိစ္စတွေကိုလည်း ကျွန်တော်တို့ လုပ်ကြရပါတယ်။ အဲလိုပဲ အလုပ်သမား ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ရမယ့် ကိစ္စရပ်တွေကိုလည်း ကျွန်တော်တို့ လုပ်ပါတယ်။

ဆိုရင်တော့ ကျွန်တော်တို့ ညီအကို နှစ်ယောက်က Responsible Investor တစ်ယောက် ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားပါတယ်။ Cooperate Social Responsibility ဖြစ်အောင် လုပ်နေတာတွေရှိပါတယ်။ အဲလိုဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်မှာ ဥပဒေအရ ပေးအပ်ရမယ့် အခွန်နှုန်းထားတွေ၊ အခွန်စနစ်တွေမှာ ကျွန်တော်တို့ ပူးပေါင်းပါဝင်ပြီးတော့ ကျွန်တော်တို့ညီအကိုနှစ်ယောက် လုပ်ငန်းအများစုက (SAS) Self Access System လို့ခေါ်တဲ့ မိမိကိုယ်ကိုယ်မိမိ စည်းကြပ်ခြင်း လို့ခေါ်တဲ့ ပြည်တွင်းအခွန်က အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အခွန်ကြီးကြပ်သူက လာကြီးကြပ်စရာ မလိုဘဲ ကျွန်တော်တို့ရဲ့တင်ပြတွက်ချက် ကြီးကြပ်ထားတာကို သွားရောက်ပြီးတော့မှ နိုင်ငံသားတစ်ယောက်ပီသစွာ တင်ပြတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ခုနတုန်းက အကိုပြောတဲ့ မိသားစုစီးပွားရေး လုပ်ငန်းတွေအတွက် စိုးရိမ်သလားလို့ မေးရင်၊ မိသားစုစီးပွားရေး အတွက်တော့ မစိုးရိမ်ပါဘူး။ ဘာတွေစိုးရိမ်သလဲလို့မေးရင် ဝန်ထမ်းတွေအတွက် စိုးရိမ်ပါတယ်။ ကျွန်တော်တို့ Income Generate ကောင်းကောင်းမွန်မွန် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့မှာရှိတဲ့ ငွေကြေးအရင်းအမြစ်ပေါ်မူတည်ပြီးတော့မှ ရှေ့လုပ်လို့မရတဲ့ လုပ်ငန်းတွေ ရှိကောင်းရှိလာနိုင်တယ်။ ထိန်းသိမ်းထားရတဲ့ လုပ်ငန်းတွေရှိကောင်းရှိလာနိုင်တယ်။ အချို့လုပ်ငန်းတွေက ဝန်များတဲ့ အတွက် ဝန်လျှော့ရတဲ့ လုပ်ငန်းတွေရှိလာမယ်ဆိုရင်တော့ စိုးရိမ်မှုကတော့မရှိပါဘူး။ ဒါပေမယ့် ဝန်ထမ်းတွေအတွက်ကတော့ ကသိကအောက် အခက်အခဲဖြစ်မယ်။ ကျွန်တော်တို့တော့ နည်းနည်းပို အလုပ်ရှုပ်မယ်ပေါ့ဗျာ။

 

မေး - လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျွန်တော် မေးချင်လို့ပါ။ အမေရိကန်သံရုံးကရော၊ ဗြိတိန်သုံးရုံးကရော ခုနလိုပေါ့ ဒါကတော့ ပြည်ခိုင်ဖြိုးပါတီ အတွင်းမှာ ဖြစ်တာ၊ ဒါသူ့ရဲ့ အတွင်းရေး ကိစ္စပဲ။ စိုးရိမ်တာက ရဲအင်အားကို သုံးပြီးတော့ နိုင်ငံတော်လုံခြုံရေး စိုးရိမ်တယ်ဆိုပြီးတော့ လုပ်ခဲ့တာကို စိုးရိမ်မကင်းဖြစ်တယ်ဆိုပြီး ဒီသံရုံးတွေက မနေ့ညက ထုတ်ပြန်ကြေညာတယ်။  ပြီးတော့ ရွေးကောက်ပွဲမှာရော တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တိုက်တွန်းတယ်ဆိုတာတွေ လုပ်တော့ အဲဒီ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုတိုးနိုင်မန်းတို့ မိသားစုရော၊ သူရဦးရွှေမန်းတို့ မိသားစုရော၊ စိုးရိမ်မှု ဘယ်လောက် အတိုင်းအတာထိ ရှိလဲခင်ဗျ။ လုံခြုံရေးနဲ့ ကိုင်တွယ်မှုကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - သာမာန်အားဖြင့်တော့ လူအချို့၊ ကျွန်တော်တို့မိတ်ဆွေတွေကတော့ ဒီအချိန်မှာ နည်းနည်း စိုးရိမ်ကြမှာပေါ့နော်။ ကျွန်တော့်အနေနဲ့တော့ မစိုးရိမ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲနေ့ စပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို လုံခြုံရေးအရ ခဏထိန်းသိမ်းထားပြီးတော့ အထဲမှာ သူတို့ အထူးအစည်းအဝေးတွေလုပ်နေချိန်နဲ့ တပြိုင်နက်ထဲမှာပဲ ကျွန်တော့်အိမ်ပတ်လည်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်လို့ ယူဆရတဲ့ အုပ်စုက ကားခြောက်စီးလောက်နဲ့ ရောက်လာပါတယ်။ ကျွန်တော့်ကို watch လုပ်ပါတယ်။

မနေ့ကဆိုရင် ထပ်ပြီးတော့ လုံခြုံရေး အဖွဲ့အစည်းတွေ ပိုပြီးတော့ တိုးလာတယ်။ ဒါပေမယ့် ကာလာမတူတော့ဘူးပေါ့ဗျာ။ လုံခြုံရေး အဖွဲ့အစည်းတွေကြားထဲမှာလည်း ကာလာလေးတွေက ကွဲနေကြသေးတာကိုး။ ကာလာမတူတဲ့ အဖွဲ့အစည်းက အနည်းဆုံး သုံးဖွဲ့နဲ့ လေးဖွဲ့ကြားရှိမယ်လို့ ယူဆရပါတယ်။ အဲဒီအဖွဲ့ကတော့ ကျွန်တော့်အိမ်ပတ်ဝန်းကျင်မှာရှိတယ်။ အခုလည်း ရှိနေပါတယ်။

 

မေး - ကျန်တဲ့ မိသားစုတွေ အိမ်မှာရော လုံခြုံရေး အခြေအနေက ဘယ်လိုရှိလဲဗျ။

ဖြေ - ကျန်တဲ့ မိသားစု အိမ်မှာ မရှိပါဘူး။ ကျွန်တော့်အိမ်နားမှာပဲ ရှိပါတယ်။ အဲလိုရှိတော့ သူတို့ အနေနဲ့က နှစ်ချက်ဖြစ်နိုင်တာပေါ့နော်။ တစ်ချက်က အကယ်၍များ နေပြည်တော်မှာ လုပ်တဲ့နေရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က မလိုလားဘဲနဲ့ ကျွန်တော်တို့ဘက်က တုံ့ပြန်မှုတစ်စုံတစ်ရာ ပြုလုပ်ခဲ့ရင် နိုင်ငံတော်လုံခြုံရေး ထိခိုင်နိုင်တယ်လို့ ယူဆတဲ့အတွက် စောလျှင်စွာလုပ်ဆောင်ရန် ကိစ္စများ ရှိနိုင်တယ်လို့ ယူဆလို့ဖြစ်ပါလိမ့်မယ်။  ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခြင်း လုပ်ချင်တဲ့ ဆန္ဒတော့ မဟုတ်ပါဘူး။ အဲလိုပုံစံနဲ့ ထားတယ်လို့ ထင်ပါတယ်။ အခုလည်းရှိပါတယ်။

 

မေး - သူရဦးရွှေမန်းကို ကျတော့ရော တိတိကျကျ အဲလိုမျိုး လုံခြုံရေးတင်းကြပ်တာတွေ၊ အိမ်ပြင်မထွက်ခိုင်းတာတွေ၊ ဒါမှမဟုတ် လုံခြုံရေးတွေ ပြောင်းရွှေ့မှုတွှေ အဲလိုမျိုး ရှိလားခင်ဗျ။

ဖြေ - ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်တဲ့ ဒုတိယသမ္မတတစ်ဦးရဲ့ အဆင့်နဲ့ ညီမျှတဲ့ လုံခြုံရေးကို နဂိုကတည်းက ဥပဒေအရ ပေးထားပါတယ်။ ပေးထားတဲ့ အဖွဲ့တွေသည် လုပ်ငန်းနှစ်ခု လုပ်ရပါတယ်။ ပထမလုပ်ငန်းကတော့ သူတို့ တာဝန်ယူကာကွယ်ရမယ့် ပုဂ္ဂိုလ်ရဲ့ လုံခြုံရေးဆိုင်ရာတွေကို လုပ်ပါတယ်။ ဒုတိယလုပ်ငန်းဖြစ်တဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းဝင်ဖြစ်တဲ့ အတွက် သူတို့ အထက်ဌာနက ညွှန်ကြားသော သတင်းအချက်အလက်ဆိုင်ရာ ပေးပို့မှုတွေကိုလည်း လုပ်ရပါတယ်။ ဒီလုံခြုံရေး အဖွဲ့တွေဟာဆိုရင် အစောင့်အရှောက်ခံ ပုဂ္ဂိုလ်အတွက်က တစ်ခုအကျိုးရှိ၊ တစ်ခု အကျိုးမရှိပေါ့နော်။ တစ်ခုအကျိုးရှိတာကတော့ လူပုဂ္ဂိုလ်နဲ့ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေး ရသလို၊ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးကလည်း စပြီးတော့မှ တာဝန်ထမ်းဆောင်တဲ့ နေ့က ကျိုးပေါက်ပြီးဖြစ်ပါတယ်။ အဲလိုဆိုတော့ သူတို့အနေနဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ထပ်မံတိုးချဲ့ ချထားစရာလည်း မလိုပါဘူး။ ရှိပြီးသား လုံခြုံရေး အဖွဲ့အစည်းနဲ့တင် သူတို့လိုချင်တဲ့ ကိစ္စတွေ အကုန်လုပ်လို့ရပါတယ်။

မေး - မနေ့ကဆိုရင် လွှတ်တော် ဥက္ကဋ္ဌကို ပြန်ခေါ်ရမယ်ဆိုတာ ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ဥက္ကဋ္ဌကို စာရေးပြီး ထပ်မံ အကြောင်းကြားတယ်ပေါ့နော်။ အခုလို နိုင်ငံရေး ဖြစ်ပျက်ပြောင်းလဲမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ယူဆလို့ရတယ်ဆိုတော့ သူရဦးရွှေမန်းကို လွှတ်တော် ဥက္ကဋ္ဌကနေ ဖယ်ရှားဖို့၊ ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကနေ  ပြန်လည်ရုတ်သိမ်းဖို့ တချို့တောင်းဆိုထားတာလည်း ရှိတဲ့ အခါကျတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို သဘောထား အမြင်ရှိလဲ ခင်ဗျ။ တကယ်လက်တွေ့မှာ လွှတ်တော် ဥက္ကဋ္ဌ နေရာကနေ ဖယ်ရှားဖို့ ဖြစ်နိုင်သလား။

ဖြေ- Political choice ဆိုတဲ့အတွက် political Arena မှာ ပါဝင်ပတ်သက်သူတွေရဲ့ Potential Will နဲ့လုပ်ဆောင်ချက်သာဖြစ်တယ်။ ကျွန်တော်အနေနဲ့ကတော့ အထူးတော့မှတ်ချက်ပေးစရာမရှိဘူး၊ အဲဒီတော့ ကျွန်တော်အခုနက ပြန်ဆက်ရင် political choice ဆိုတဲ့အတွက် ဒီထဲမှာပါဝင်ပတ်သက်တဲ့ လူတွေရဲ့သဘောထားသက်သက်နဲ့ သူတို့ရဲ့လုပ်ဆောင်ချက်ကိုပဲ ကျွန်တော်တို့က ကြည့်ရမှာပဲ။

မေး-သူရဦးရွှေမန်း လုပ်နေတဲ့လုပ်ငန်းတွေမှာလည်း သိသင့်သလောက် သိတယ်။ လွှတ်တော်အတွင်းမှာလည်း ဘာတွေဖြစ်နေလဲဆိုတာတွေ သိသင့်သလောက်သိတယ်။ လေ့လာလည်း လေ့လာနေတဲ့သူဆိုတော့ ဒီလိုမျိုးဥက္ကဋ္ဌနေရာ ပြောင်းလိုက်တာရွှေ့လိုက်တာက ဒေါ်အောင်ဆန်းစုကြည် နဲ့NLDနဲ့သူရဦးရွှေမန်း ရင်းနှီးလာလို့ နားလည်မှုရလာလို့ ဆိုတဲ့ဟာမျိုးပြောနေကြတယ် အဲ့ဒါရော ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ - ကျွန်တော်ထင်ပါတယ် နိုင်ငံတစ်နိုင်ငံမှာ အဓိကတာဝန်ထမ်းဆောင်တဲ့သူကတော့ နိုင်ငံကို ပြင်စေချင်တယ်။ တိုးတက်စေချင်တယ်။ ကောင်းမွန်စေချင်တယ်ဆိုတဲ့ ဆန္ဒရှိပါတယ်။ အဲဒီတော့ ပြောရရင်တော့ အဓိကတာဝန်ရှိသူက ဖွဲ့စည်းပုံအခြေခံဥပဒေအရရော အစိုးရအဖွဲ့ဥပဒေအရရော ပြည်ထောင်စုလွှတ်တော် ဥပဒေအရရော နိုင်ငံတော်အကြီးကဲသည် နိုင်ငံတော် သမ္မတဖြစ်ပါတယ်။နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်း နိုင်ငံကို တိုးတက်စေချင်ပါတယ်၊ တည်ငြိမ်စေချင်ပါတယ်။ အေးချမ်းစေချင်ပါတယ်။ ဒီလိုပဲ ကျွန်တော်ယုံကြည်ပါတယ်။ အဲ့လိုပဲ အစိုးရအဖွဲ့အကြီးအမှူးကလည်း နိုင်ငံတော်သမ္မတဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အကြီးအမှူးကလည်း နိုင်ငံတော်သမ္မတဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက သူရဲ့ကိုယ်စား လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်မယ့် အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်တဲ့ ကက်ဘိနက်အဖွဲ့ဝင်တွေပါတဲ့ အစိုးရတစ်ရပ်ဖွဲ့ရပါတယ်။ ကက်ဘိနက်နဲ့ တွေးတောတဲ့အပေါ်မှာ သူတို့ရဲ့ ခံစားချက်ပေါ်မှာ အခြေခံပြီးတဲ့အခါမှာ နိုင်ငံအတွက် လုပ်သင့်တယ်လို့ထင်တဲ့ ကိစ္စတွေလုပ်ကြမှာပါပဲ။ လုပ်သင့်တယ်လို့ဆိုတဲ့ နေရာမှာရှိတဲ့ ကျွန်တော်တို့ ဒီဂရီကိုတိုင်းတဲ့အခါကြရင် တစ်ယောက်နဲ့တစ်ယောက်မတူဘူးပေါ့။ ဒီမိုကရေစီစံနဲ့ပဲသွားမယ်ဆိုရင် နံပါတ်တစ်အနေနဲ့ ညှိနှိုင်းရေးက အဓိကပေါ့။ ညှိနှိုင်းပြီးတဲ့အချိန်အခါမှ အကောင်အထည်ဖော်ကြပေါ့ လုံးဝ ညှိနှိုင်းလို့မရတာမျိုး၊ တဝက်လောက် ညှိလို့ရနိုင်တာမျိုးရှိပါလိမ့်မယ်။ လိုချင်တာအားလုံးရမှ ညှိနှိုင်းမှု ပြီးမြောက်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒါမျိုးတွေတော့ရှိကောင်းရှိမယ်။  ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကနေပြီးမှ ဖယ်ရှားတယ်ဆိုတဲ့ စကားကပိုမှန်ပါမယ်။ ကျွန်တော် တစ်ခေါက်ရှင်းပြထားသလိုပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီက တပ်မတော်ကနေ အမွေဆက်ခံလာတယ်။ နယက ကနေ အမွေဆက်ခံလာတဲ့ အခါမျိုးဖြစ်တဲ့ အတွက် နဂိုရှိကတည်းက အားလုံး mandate နဲ့ပဲရှိပါတယ်။ ဒီလိုဦးစီးတာဝန်ထမ်းဆောင်းနေတာကို ဦးစီးအဖွဲ့ဆိုတာထက် တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ရှိခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၂ ခုနှစ် ၂၀၁၃ အနေအထားရ ပါတီရဲ့ ပုံစံကပြောင်းလဲမှုလိုလည်း လိုတယ်။ ပြောင်းလဲလုပ်သင့်တာဖြစ်တတ်အတွက် ပြည်သူ့ပါတီ ပြောင်းလဲချင်တဲ့အခါကြတော့ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီပါတီတွေအတိုင်းပဲ election သွားပါတယ်။ congress နဲ့သွားပါတယ်။ အဲ့လို congress နဲ့သွားတဲ့အတွက် ရုတ်တရက်နိုင်ငံရေး အားပြိုင်မှုတွေရှိလာနိုင်မယ်။ ဒါကြောင့်မို နိုင်ငံတော်သမ္မတကြီးက ထွက်သွားနိုင်တယ်ဆိုတာ နားလည်းတဲ့အတွက် ဘယ်လိုလုပ်ခဲ့ကြလဲဆိုတော့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာအားလုံး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတွေဖြစ်ပါတယ်။ ခုနတုန်းက မဲခွဲခြင်းပဲဖြစ်ဖြစ် congress လုပ်ခြင်းပဲဖြစ်ဖြစ် CEC တစ်ဖွဲ့တည်းရဲ့ အဆုံးအဖြတ်မဟုတ်ဘဲနဲ့ CEC ကို အထောက်အပံ့ပြုပြီးတော့မှ တိုင်းဒေသကြီး အလိုက်တာဝန်ခံ အုပ်ချုပ်တဲ့ ဦးဆောင်နိုင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအမှူး၊ နိုင်ငံတော် သမ္မတကိုသစ္စာခံရတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ အားလုံး ပါတီရဲ့ အကြီးအကဲရာထူးတွေ ဖြစ်ခဲ့ကြပါတယ်။

ဆိုတာက တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကပဲ Dictate လုပ်လို့မရအောင်၊ ဒီမိုကရက်တစ် ပရိုက်တစ်ဖြစ်ရမယ်၊ ကွန်ဂရက်ဖွဲ့ဖို့လိုပါတယ်။ ကွန်ကရက်ကို ဝင်ပြီးတော့မှ ကွန်ဂရက် ကနေပြီးတော့မှ စင်ထရယ်ကော်မတီကို၊ စင်ထရယ်ကော်မတီကမှတဆင့် စီအီးစီကိုရွေး၊ စီအီးစီကမှ တဆင့် ဗဟိုကော်မတီ အတွင်းရေးမှူးကိုရွေး၊ တစ်ခါ စီအီးစီ ဗဟိုအတွင်းရေးမှူးတွေကမှ တဆင့် ကျွန်တော်တို့ ပါတီမှာ ဦးဆောင်တဲ့သူတွေကိုရွေး၊ ကွန်ဂရက်စနစ်နဲ့ ကျွန်တော်တို့သွားပါတယ်။

အဲတော့ ကွန်ကရက်အရ သွားတဲ့ နေရာမှာ ဘာကိုလုပ်ရတာလဲဆိုတော့ တစ်ဦးတစ်ယောက်က ဒီပါတီကို ပိုင်ဆိုင်လို့ မရတော့ပါဘူး။ တစ်ဦးတစ်ယောက်က ပိုင်ဆိုင်လို့မရသလို အဖွဲ့အစည်းတစ်ဖွဲ့ ဖွဲ့ကလည်း ဘာလုပ်ပါ၊ ညာလုပ်ပါလို့ ညွှန်ကြားလို့မရပါဘူး။ ဆိုတော့ အဲဒီ အကြောင်းတရားတွေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုထက် စိတ်မချရဘူးလို့ ဆိုထားတဲ့ အချက်တွေပေါ် အခြေခံထားလားမသိပါဘူး၊ အမိန့်ညွှန်ကြားချက်ကို နာခံခြင်းဆိုင်ရာကိစ္စတွေ၊ အဖွဲ့အစည်းတစ်ခုခုကပဲ လွှမ်းမိုးလိုတဲ့ကိစ္စတွေ လုပ်မရနိုင်ဘူးလို့ထင်မြင်မိပါတယ်။

ပရိုစီဂျာတွေအတိုင်း လုပ်ကြရပါလိမ့်မယ်။ အဲဒီပရိုစီဂျာတွေထဲမှာ နည်းနည်း ထူးဆန်းတဲ့ အပိုဒ်ကလေးတွေပေါ်လာတယ်လို့ ယူဆတဲ့အချက်ပေ့ါနော်၊ ပါတီဖွဲ့စည်းပုံးအခြေခံစည်းမျဉ်းအပိုဒ် ၆၈ ကို ပြင်ထားတယ်လို့တော့ သိရတယ်။ အသေးစိတ်ကိုတော့ ပါတီကိုမေးပါ။ အဲဒါကတော့ လိုအပ်တယ်ဆိုရင် စီအီးစီက သူတို့ရဲ့ သဘောတူညီချက်နဲ့အတူ ဖျက်သိမ်းခြင်းတို့၊ ပြန်ဖွဲ့စည်းခြင်းတို့ ဟာတွေရှိပါတယ်။ ဆိုရင်တော့ ပြောရင်တော့ ကျွန်တော်တို့ သင်းဖွဲ့စည်းမျဉ်းမှာရှိတဲ့ အခြေအနေတွေပေါ် မူတည်ပြီးတော့ အဲဒီအခြေအနေတွေပေါ်မှာ ရယူပြီးတော့ သုံးစွဲသွားတယ်လို့တောင်ပြောသွားတာပဲ။

၁၂ ရက်နေ့ညဖြစ်စဉ်ကတော့ ပါတီဥက္ကဋ္ဌ ဖယ်ရှားရေးဖြစ်စဉ်လို့သုံးသပ်ကြပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ယောက်ဖြစ်လို့ ပါတီရဲ့ အတွင်းရေးကို မဖြေချင်ပါဘူး၊ ပါတီစည်းမျဉ်းအတိုင်းပဲလုပ်ရပါမယ်။

(ယခု အင်တာဗျူးမှာ ပထမပိုင်းဖြစ်ပြီး ဒုတိယပိုင်း ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါတယ်)

ဦးတိုးနိုင်မန်း နှင့် မေးမြန်းခြင်း (ဒုတိယပိုင်း) - http://mizzimaburmese.com/article/3270

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required