အာဆီယံ ဘောလုံးလောက၏ အမြင့်ဆုံးဆုဖြစ်သော Goodwill Award အား ဦးဇော်ဇော် ရရှိ

အာဆီယံ ဘောလုံးလောက၏ အမြင့်ဆုံးဆုဖြစ်သော Goodwill Award အား ဦးဇော်ဇော် ရရှိ
ဓာတ်ပုံ-MFF

စက်တင်ဘာလ ၂၃ ။            ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံးလောက၏ အမြင့်ဆုံးဆု တစ်ခုဖြစ်သည့် ဘောလုံးလောကအကျိုးပြု ထူးချွန်ဆု Goodwill Award ဆု ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် ရရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ပြုလုပ်လျက်ရှိသည့် ၂၀၁၆ ခုနှစ် အာဆီယံ တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲတွင် ရရှိခဲ့ြင်းဖြစ်သည်။  

ဦးဇော်ဇော်သည် ဒေသတွင်း ဘောလုံးဖွံဖြိုးတိုးတက်ရေးနှင့် လှုမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သဖြင့် ယခုကဲ့သို့ ဘောလုံးလောက အကျိုးပြု ထူးချွန်ဆု  ချီးမြှင့်ခံရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

ဦးဇော်ဇော်သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ၂၀၀၅ ခုနှစ်မှ စတင်တာဝန်ယူခဲ့ပြီး သက်တမ်းတစ်လျှောက်အတွင်း အာရှလူငယ်ဖွံဖြိုးရေးကော်မတီဥက္ကဋ္ဌ နှင့် အာရှဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

အဆိုပါ အာဆီယံ Goodwill Award ဆုသည် ၂၀၁၃ ခုနှစ်က တစ်ကြိမ်သာ ပေးအပ်ခဲ့ဖူးပြီး လက်ရှိ အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ဥက္ကဋ္ဌ HRH Sultan Haji Ahmad Shah ကရရှိထားပြီး ဒုတ်ယအကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ယခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသော အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ကောင်စီ အစည်းအဝေးနှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် တစ်နှစ်တာ အကောင်းဆုံးဆုများ ချီးမြှင့်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် (ဒုတိယ ဥက္ကဋ္ဌ၊ အာဆီယံဘောလုံး အဖွဲ့ချုပ်) နှင့် စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း တို့တက်ရောက်လျက်ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် အဆိုပါ အာဆီယံ ကောင်စီ အစည်းအဝေးတွင် ယူ၁၃ ဘောလုံးပွဲတော်များ ဒေသတွင်း နှစ်စဉ်အကြိမ် အရေအတွက်များများ ကျင်းပပေးရေး၊ ဖီဖာ ကမ္ဘာ့ဖလား ယူ၁၇ နှင့် ယူ၂၀ ပြိုင်ပွဲများအား အာဆီယံနိုင်ငံများ ပူးပေါင်း၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး တို့ကို အဆိုပြု တင်သွင်းခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required