မြောက်ကိုရီးယားထံ တင်ပို့နေသည့် ရေနံပို့ကုန်တွေအပေါ် ကန့်သတ်သွားတော့မည်ဟု တရုတ် အတည်ပြု

By AFP
23 September 2017
မြောက်ကိုရီးယားထံ တင်ပို့နေသည့် ရေနံပို့ကုန်တွေအပေါ် ကန့်သတ်သွားတော့မည်ဟု တရုတ် အတည်ပြု

စက်တင်ဘာ ၂၃ ။           ။ လာမယ့် အောက်တိုဘာ ၁ ရက်ကနေစလို့ မြောက်ကိုရီးယားနိုင်ငံဆီကို ရေနံထုတ်ကုန်တွေ အကန့်အသတ်နဲ့သာ တင်ပို့သွားတော့မှာဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။

ရန်လိုနေတဲ့ ယင်းရဲ့အိမ်နီးချင်းနိုင်ငံအပေါ် ရည်ရွယ်တဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့ချက်အသစ်တွေထဲမှာ ယခုအခါ တစ်စိတ်တစ်ဒေသပါဝင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယခု ထုတ်ပြန်ချက်နဲ့အတူ ပေကျင်းအစိုးရက ပြသလိုက်တာဖြစ်ပါတယ်။

ခြောက်ကြိမ်မြောက်နဲ့ အားအပြင်းဆုံး နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားဖို့အတွက် ပြီးခဲ့တဲ့အပတ်ကပဲ တရုတ်အပါအဝင် ကုလ လုံခြုံရေးကောင်စီက အတည်ပြုလိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြောက်ကိုရီးယားတို့ရဲ့ တစ်ဦးတည်းသော မဟာမိတ်ဖြစ်နေတဲ့ တရုတ်ဟာဆိုရင် ယင်းနိုင်ငံရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံလည်း ဖြစ်ပါတယ်။ အထီးကျန်နိုင်ငံရဲ့ ကုန်သွယ်မှုပိုင်းမှာ ၉၀ ရာခိုင်နှုန်းဝန်းကျင်ထိဟာ တရုတ်နဲ့ ပတ်သက်နေလျက်ရှိတာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ နောက်ဆုံးပြဌာန်းချက်တစ်ခုအရဆိုရင် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားဆီကို ယခုနှစ် နောက်ဆုံးသုံးလအတွင်း ရေနံထုတ်ကုန် စည်ပေါင်း ၅၀၀,၀၀၀ နဲ့ လာမယ့်နှစ်မှစ၍ နှစ်စဉ် စည်ပေါင်း ၂ သန်းတို့ထက် ကျော်လွန် တင်ပို့ခြင်းမပြုဖို့ ပြဌာန်းထားတာဖြစ်ပြီး တရုတ်ကလည်း ယင်းပြဌာန်းချက်တွေကို လိုက်နာဖို့ ရှိကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားဆီကနေ အထည်အလိပ်သွင်းကုန် တင်သွင်းမှုကိုလည်း ပိတ်ပင်သွားဖို့ ရှိကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သွားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required