သီရိလင်္ကာ၏ သမ္မတဟောင်း ရာဂျာပက်ဆေးက လက်ရှိသမ္မတကို စိန်ခေါ်

သီရိလင်္ကာ၏ သမ္မတဟောင်း ရာဂျာပက်ဆေးက လက်ရှိသမ္မတကို စိန်ခေါ်

ကိုလမ်ဘို၊ သြဂုတ်-၁၄ ။       ။ နိုင်ငံ၏ ခေါင်းဆောင်သစ်က ဝန်ကြီးချုပ်ဖြစ်လိုသော သူ့ဆန္ဒကို ဗီတိုဖြင့် ပယ်ချခဲ့ပြီးနောက်တွင် ပြည်သူလူထု၏ဆန္ဒကို လေးစားရန် တောင်းဆိုရင်း သီရိလင်္ကာ သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ဆေးက ၎င်းအားဆက်ခံသူ သမ္မတသစ်ကို ဗြောင်စိန်ခေါ်လိုက်သည်။

တိုတိုတောင်းတောင်းရေးသားထားသည့်စာထဲတွင် ရာဂျာပက်ဆေးက သမ္မတ မယ်သရီပါလာ ဆီရီဆီနာ၏ သူ့ပေါ်စွပ်စွဲချက်များကို အခြေအမြစ်မရှိဟု ငြင်းပယ်လိုက်ပြီး အကယ်၍ သူ့ပါတီက အနိုင်ရပါက အစိုးရကို သူဦးဆောင်သင့်ကြောင်းလည်း အရိပ်အမြွတ်ပြောကြားခဲ့သည်။

သမ္မတဟောင်းနှင့် သမ္မတသစ် နှစ်ယောက်စလုံးမှာ ပါတီတစ်ခုတည်းမှဖြစ်ပြီး ဆီရီဆီနာက ကျန်းမာရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်ပြီး၊ ဇန်နဝါရှီ ၈ရက် သမ္မတရွေးကောက်ပွဲတွင် အာဏာရှင်ဆန်သော ဝါရင့်ခေါင်းဆောင်ကြီးနှင့် ယှဉ်ပြိုင်အရွေးမခံမီ ယမန်နှစ်နှောင်းပိုင်းအထိ မဟာမိတ်များဖြစ်ခဲ့ကြသဝည်။

သြဂုတ်လ ၁၃ရက်နေ့တွင် ဆီရီဆီနာက ရာဂျာပက်ဆေးမှာ သီရီလင်္ကာကျွန်းပေါ်တွင် လူမျိုးရေးအမုန်းတရားများကို မီးထိုးပေးနေသည်ဟု စွပ်စွဲခဲ့ပြီး အကယ်၍ တနင်္လာနေ့ ရွေးကောက်ပွဲများတွင် အနိုင်ရပါက ပြည်သူ့လွတ်လပ်ရေးမဟာမိတ်တပ်ပေါင်းစုပါတီ (UPFA)မှ အကြီးတန်းပါတီဝင်၇ဦးအနက်မှ တစ်ယောက်ကိုသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်သွားမည်ဟု ပြောကြားခဲ့သည်။

''ကျွန်တော့်အနေနဲ့ ညွှန်ပေါင်းအဖွဲ့ကို ဖွဲ့စည်းဖို့ ကြားဝင်ရမယ်ဆိုရင်တောင် ခင်ဗျားကတော့ ဝန်ကြီးချုပ်မဖြစ်နိုင်ဘူး''ဟု ဆီရီဆီနာက ရာဂျာပက်ဆေးထံ ပေးပို့သည့် စာမျက်နှာ၅မျက်နှာပါ စာထဲတွင်ပြော ကြားခဲ့သည်။

ရာဂျာပက်ဆေးကလည်း သမ္မတ၏ ပြောဆိုချက်များကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ''ခင်ဗျားရဲ့ ကျုပ်အပေါ် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး။ ဒီစွပ်စွဲချက်တွေကို ဖွဲ့စည်းဖို့ အပြင်လူတွေအပေါ်မှာပဲ အခြေပြုထားတယ်။ ကျွန်တော်လုံးဝကို ပယ်ချတယ်''ဟု ရာဂျာပက်ဆေးက ပြောကြားခဲ့သည်။

သို့ရာတွင် ရာဂျာပက်ဆေးကို ထောက်ခံသူများကမူ မဲဆွယ်ပွဲ ပြီးဆုံးခါနီး နာရီပိုင်းမျှအလိုတွင် ရာဂျာပက်ဆေး၏စာက သူတို့၏အခွင့်အရေးများကို ပျက်စီးစေသောကြောင့် မီဒီယာတွင် ဖော်ပြခြင်းများကို တားမြစ်ပေးရန် လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်နာများအား မေတ္တာရပ်ခံ ပန်ကြားခဲ့သည်ဟု ဆိုသည်။  

ဆယ်စုတစ်ခုနီးပါးမျှ အာဏာကိုချုပ်ကိုင်ထားခဲ့ပြီး ၂၀၀၉ခုနှစ်က တမီကျားခွဲထွက်ရေးသူပုန်များကို ချေမှုန်းရာတွင် ကြီးကြပ်ခဲ့သည့် ရာဂျာပက်ဆေးကို ဆီရီဆီနာက အနိုင်ရသွားမှုအပေါ်လေ့လာစောင့် ကြည့်သူအတော်များများက အံ့အားသင့်ခဲ့ကြရသည်။

ရာဂျာပက်ဆေးကို တမီလူမျိုးစုအသိုင်းအဝိုင်းက ခါးခါးသီးသီးဝေဖန်နေကြသော်လည်း ဆင်ဟေးမဲဆန္ဒရှင်များကြားတွင်မူ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရပြီး ၎င်း၏ မဲဆွယ်ပွဲများမှာ လူအုပ်ကြီးများကို ဆွဲဆောင်နိုင်နေဆဲပင်ဖြစ်သည်။

ဇန်နဝါရီလတွင် ရှုံးနိမ့်သွားပြီးကတည်းက နီးစပ်သော ဆွေမျိုးများအပါအဝင် ရာဂျာပက်ဆေး၏ အတွင်းစည်းအသိုင်းအဝိုင်းအပေါ် အဂတိလိုက်စားမှုစွဲချက်များ ဒုနှင့်ဒေးဖြစ်လာခဲ့ပြီး ရာဂျာပက်ဆေး၏ ဇနီးနှင့် ညီနှစ်ယောက်မှာလည်း ခြစားမှု၊ အလွဲသုံးစားမှုစွဲချက်များနှင့် ရင်ဆိုင်နေရသည်။ သူ၏ သားတစ်ယောက်မှာလည်း လူသတ်မှုဟု သံသယရှိသည့် ရပ်ဘီကြယ်ပွင့်ဟောင်းတစ်ယောက်သေဆုံးမှုတွင် သွယ်ဝိုက်၍ ပါဝင်ပတ်သက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly