လွှတ်တော်ကိုယ်စားလှယ်တွေ ဘဝမေ့နေတယ်လို့ ဦးဝင်းထိန်ပြော

လွှတ်တော်ကိုယ်စားလှယ်တွေ ဘဝမေ့နေတယ်လို့ ဦးဝင်းထိန်ပြော
Photo - Ko Myint

ရန်ကုန် ၊ စက်တင်ဘာ ၂၃ ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များသည် ရွေးကောက်တင်မြှောက်ခံရသည့်အချိန်မှစပြီး ဘဝမေ့သွားသည်ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ယနေ့ ပြောဆိုလိုက်သည်။

"အခုတစ်နှစ်ခွဲကာလအတွင်းမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ဘဝကိုယ် မေ့ကုန်ကြတယ်။ သာမန်အဖွဲ့ချုပ်အဖွဲ့ဝင်ကနေ ရွေးကောင်တင်မြှောက်ခြင်းခံလိုက်ရတဲ့အခါမှာ တချို့ပုဂ္ဂိုလ်တွေက ဘဝမေ့တယ်" ဟု ဦးဝင်းထိန်က ဆိုသည်။

ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ ၌ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ ၊လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီအဖွဲ့ဝင်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းကို ပြန်လည်ဖတ်ရှုရန် လိုအပ်နေသည်ဟု ဦးဝင်းထိန်က ဆက်လက်ပြောဆိုခဲ့သည်။

"ကိုယ်ဘာ့ကြောင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်ဆိုတာလည်း မဆန်းစစ်တော့ဘူး။ နောက်တစ်ချက်က အချို့လွှတ်တော်ကိုယ်စားလှယ်တွေကလွှတ်တော်ကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန်ကို ထမ်းဆောင်တဲ့အခါမှာ တာဝန်မကျေကြဘူး" ဟု ၎င်းကဆိုသည်။

ယနေ့ တွေ့ဆုံဆွေးနွေးပွဲသည် ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး NLD ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags