တိုင်းပြည်တိုးတက်အောင် လုပ်နေသကဲ့သို့ မီဒီယာလောကပါ တပြေးညီဖွံ့ဖြိုးရန်လို ပြန်ကြားရေးဝန်ကြီးဆို

တိုင်းပြည်တိုးတက်အောင် လုပ်နေသကဲ့သို့ မီဒီယာလောကပါ တပြေးညီဖွံ့ဖြိုးရန်လို ပြန်ကြားရေးဝန်ကြီးဆို

ရန်ကုန်၊စက်တင်ဘာ၂၃ ။         ။ တိုင်းပြည်တိုးတက်အောင်  လုပ်နေသကဲ့သို့ မီဒီယာလောကလည်း တပြေးညီဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးဦးဖေမြင့်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တဲ့အခါမှာ တပြေးညီဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်သလိုပဲ  မီဒီယာ လောကမှာလည်း တပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်" ဟု ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောသည်။

ယနေ့ စက်တင်ဘာလ၂၃ ရက်၊ ရန်ကုန်မြို့ရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သော မာလ်တီမီဒီယာ သတင်းထောက်သင်တန်းဆင်းပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မီဒီယာလောက ဖွံ့ဖြိုးရန် အမျိုးသားများတင်မကဘဲ အမျိုးသမီးများပါ ပါဝင်ရန်၊ ရန်ကုန်၊ မန္တလေးမြို့များ တင်သာမက နယ်မြို့များ၊ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင်ပါ မီဒီယာလောက ဖွံ့ဖြိုးရန် လိုအပ်ကြောင်း  ပြည်ထောင်စုဝန်ကြီးဦးဖေမြင့်က ဆိုသည်။

လက်ရှိတွင် မီဒီယာသမားများကို မွေးထုတ်ပေးနေသော မာလ်တီမီဒီယာ သတင်းထောက်သင်တန်း ဆင်းပွဲသည် ၃ ကြိမ်မြောက်ဖြစ်ပြီး အချိန်ပိုင်းနှင့် အချိန်ပြည့် သင်တန်းသား ၃၂ ယောက် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာသတင်းပညာသိပ္ပံ(Myanmar Journalism Institute)မှ ပြုလုပ်သည့် ၎င်းသင်တန်းတွင် ရုပ်သံ၊ရေဒီယို၊ သတင်းစာ၊ အွန်လိုင်းစသည့် မီဒီယာအမျိုးအစားများကို တစ်နှစ်တာ ဒီပလိုမာဖြင့် သင်ကြားပေးနေပြီး ကျားမရေးရာ၊ ဂျာနယ်လစ်ကျင့်ဝတ်၊ လူ့အခွင့်အရေး၊ ဂျာနယ်လစ် လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်၊ အသံဖမ်း တည်းဖြတ်မှု၊ ဗီဒီယိုတည်းဖြတ်ရိုက်ကူးမှု၊ ဓာတ်ပုံရိုက်ကူးမှု စသည်တို့ကိုလည်း ထည့်သွင်းသင်ကြားပေးထားသည်။

မြန်မာသတင်းပညာသိပ္ပံကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းသင်တန်းကို ပြည်တွင်းရှိ မီဒီယာအဖွဲ့များ၊ သတင်းဌာနများမှ  ၃၉ ဦး ပါဝင်ပြီး UNESCO၊ ဂျာမန်၊ ပြင်သစ်နှင့် ဆွီဒင်နိုင်ငံတို့မှ ထောက်ပံ့ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required