နိုင်ငံရေးအငွေ့အသက်၊ ချစ်ခြင်းမေတ္တာအငွေ့အသက်တွေပါ ပါ၀င်နေတဲ့ မိုးသီးဇွန်ရဲ့ Solo ပန်းချီပြပွဲ

နိုင်ငံရေးအငွေ့အသက်၊ ချစ်ခြင်းမေတ္တာအငွေ့အသက်တွေပါ ပါ၀င်နေတဲ့ မိုးသီးဇွန်ရဲ့ Solo ပန်းချီပြပွဲ

စက်တင်ဘာ ၂၃ ။          ။ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မိုးသီးဇွန်ရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ပန်းဆိုးတန်းဂယ်လာရီမှာ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်မှ စတင်ကာ ၃ရက်ကြာ ပြုလုပ်နေပါတယ်။

မိုးသီးဇွန်ရဲ့ ပန်းချီပြပွဲမှာ စိတ်ဝင်စားစရာ ပန်းချီကားတွေ ပါဝင်နေပါတယ်။ အမေရိကန်ပြည်ထောင်စု အဝေးတစ်နေရာကနေ သူ ခံစားရေးဆွဲပေးပို့လိုက်တဲ့ ပန်းချီကားတွေထဲမှာ The Death of two Flowers ဆိုတဲ့ ကချင်ဆရာမလေး ၂ ယောက် အဓမ္မပြုကျင့် အသတ်ခံရတာ၊ The Burmese are Coming ဆိုတဲ့  ဗမာလာပြီပန်းချီကားက တိုင်းရင်းသားတို့ရဲ့ စိုးရိမ်ပူပန်မှုအငွေ့အသက်တွေ၊ လက်ပန်းတောင်းအရေးမှာ သေဆုံးသွားတဲ့ ဒေါ်ခင်ခင်ဝင်း၊ ၈၈ ဖြတ်သန်းမှု အရိပ်ငွေ့ကို နာဂပုံနဲ့ ပုံဖော်တာ၊ အမျိုးသမီးအခွင့်အရေးတွေပါ ပုံဖော်ရေးဆွဲထားပါတယ်။

ထူးထူးခြားခြား  သားဖြစ်သူနဲ့ ပတ်သက်တဲ့ The Piglet ဆိုတဲ့ဝက်ပုံပန်းချီကားလေးကို ရေးဆွဲထားတာပါပဲ။ မဲဆောက်မှာရေးခဲ့တဲ့ ဒီပန်းချီကားကို အပျော်စိတ်နဲ့ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေးပန်းချီကားတွေထဲ ချစ်ခြင်းမေတ္တာပန်းချီကား ပါဝင်နေတာပါ။

ပန်းချီပြပွဲမှာ ပန်းချီကား ၂၀ လောက်ကိုပြသထားပြီး ရှုခင်းပုံ ၊ ဘုရားပုံ ပန်းချီတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာလုပ်တဲ့ပွဲကို မိုးသီးဇွန်ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ကိုအောင်သူငြိမ်း၊ ကိုတင်မင်းထွန်း၊ ကိုမင်းလွင်နဲ့မလင်းလင်းတို့က စီစဉ်ပေးခဲ့တာလို့လည်း သိရပါတယ်။

ဒီပွဲကို သူရဲ့ လက်ဦးဆရာဖြစ်တဲ့ ပန်းချီဆရာကြီး ဦးဝင်းဖေ တက်ရောက်ပြီး သူ့ရဲ့ အနှစ်နှစ်ဆယ်ကြာမှ ရတဲ့ အပျော်ကို ပြောထားပါသေးတယ်။

“မဲဆောက်ကနေပြီးတော့ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဝါရှင်တန်ကိုရောက်လာတယ်။ ပြီးတော့ ခဏနေရင်ပြန်မယ် အဲ့တော့ ကျွန်တော်က ဝါရှင်တန်ကနေပြီးတော့   ရေဆေးအကောင်းစား နောက်စုတ်တွေဘာတွေ အကုန်ဝယ် ၊ ဝယ်ပြီးတော့ ဒေါ်လာ ၈၀၊ ၉၀၊ ၁၀၀ ဖိုးလောက်ရှိပါတယ်။ ပြန်သွားမယ့် ကျောင်းသားခေါင်းဆောင် ကိုမင်းဇင်ဆိုတာ နဲ့ထည့်လိုက်တယ်။ ဟိုရောက်ရင် ကိုမိုးသီးဇွန်ကိုပေးပါ။ သူပန်ချီတော်တော်ရေးချင်နေတယ်။ ရရာဆေးနဲ့ရေးတယ်။ အခုကောင်းတဲ့ဟာ တော်တော်သင့်တဲ့ဟာ စက္ကူတွေဘာတွေနဲ့ပေးလိုက်တယ်။ အဲ့လိုပေးပြီးတဲ့အခါကျတော့ နောက်ထပ်တစ်နှစ်လောက်နေတော့ ကိုမင်းဇင်ပြန်လာတယ်။ ကျွန်တော်မျှော်လင့်တကြီးနဲ့မေးတာပေါ့။ ကျုပ်တို့ ကိုမိုးသီးဇွန်ဘာများရေးဖြစ်သလဲဆိုတာ ဆရာကြီးရယ် အလုပ်တွေသိပ်ရှုပ်နေလို့ ဘာမှမရေးဖြစ်ဘူး။ ကျွန်တော်ကပေးလိုက်တာပေါ့။ သူကမရေးဖြစ်ဘူး သို့သော် ဘာတတ်နိုင်မှာတုန်း။ ပန်းချီထက် အများကြီးအရေးကြီးတဲ့ တိုင်းပြည်တာဝန်ရှိနေတာကိုး နားလည်ရမှာပေါ့”ဟု ဆရာကြီး ဝင်းဖေက ဒီကနေ့ ပြပွဲမှာ ပြန်ပြောင်းပြောပြပါတယ်။

“ အဲ့တော့မရေးဖြစ်ဘူး ကျုပ်ပစ္စည်းလေးတွေသိမ်းထားမှာပဲ ဘာပဲဆိုပြီး ဒီလောက်နဲ့ပြီးရတယ်။ ဒါနဲ့နှစ်တွေကြာလာပြီ နောက်ဆုံး သူအမေရိကန်ပြည်ရောက်လာတယ် ကျောင်းတက်တယ်။ ဘာလုပ်တယ်။ ညာလုပ်တယ်။ ကျွန်တော်နဲ့လည်းတွေ့ ခဏခဏတွေ့ ကျွန်တော်မမေးမိပါဘူး။ သို့သော် အခု ရုတ်တရက် ကိုမိုးသီးဇွန် ပန်းချီကားတွေ ရေးလိုက်တယ်။ ၂၀ လောက် ကျွန်တော်ဆီပေးလိုက်တယ်။ ဒီမှာ ပြပွဲလုပ်ပေးရမယ်ဆိုတော့ ကျွန်တော့်မှာ အနှစ် ၂၀ လောက်ကျိတ်ပြီးဖြစ်နေတဲ့ ရောဂါ အတော်ပျော်သွားတယ်။ ဒီလူရေးပြီဆိုပြီး။ ကျွန်တော်ပေးတဲ့စက္ကူနဲ့ရေးသလား မရေးသလား အရေးမကြီးပါဘူး။ သူပန်းချီရေးတယ်။ ကျွန်တော်ကြိုက်တယ်။ ဝမ်းသာတယ်” ဟု ဦးဝင်းဖေက ပြောပါတယ်။

ပန်းချီပြပွဲကို စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်ထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

မိုးသီးဇွန်ဟာ ၈၈ ကျောင်းသားလှုပ်ရှားမှု ကျောင်းသားခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး ABSDF ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်သလို  လက်ရှိ အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့ သူ့ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ထားတုန်းလို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly