သမိုင်းအမွေအနှစ်များနဲ့ ဖိုလ်ဝင်တောင်

23 September 2017
သမိုင်းအမွေအနှစ်များနဲ့ ဖိုလ်ဝင်တောင်

ဒီနေရာရဲ့ တည်နေရာကတော့ မုံရွာမြို့တဖက်ကမ်း ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်အရပ် ဖြစ်ပါတယ်။ အညာတမာ၊ ထနောင်းပင်နဲ့ ထန်းတောကြီးတွေရှိရာဒေသလည်း ဖြစ်ပါတယ်။

ထင်ရှားတဲ့နေရာတစ်ခုဆီကို ရောက်နေပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေအတွင်း လူတို့ ဖန်တီးခဲ့ရာ ထူးရှားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သစ်တောသစ်ပင်တွေ ကာရံထားတဲ့ လမ်းက မြေပြန့်ဒေသရဲ့   တောင်တစ်လုံးဆီကို ဦးတည် ဖောက်လုပ်ထားပါတယ်။ အခုရောက်နေတဲ့နေရာဟာ မုံရွာမြို့ရဲ့ မြောက်ဘက်တည့်တည့် ၁၅ မိုင်အကွာမှာ ဖြစ်ပါတယ်။ ရာစုနှစ်တွေ ကြာခဲ့ပါပြိ။ ဘာသာတရား ကိုးကွယ်မှုနဲ့အတူ ယဉ်ကျေးမှုအမွေအနှစ်တွေက ယနေ့အချိန်အခါမှာ ပိုပြီးတော့ ထင်ရှားလာပါတယ်။

စစ်ကိုင်းတိုင်းထဲက လူသိများတဲ့ နေရာတစ်ခုဖြစ်တဲ့ သမိုင်းဝင် ဖိုဝင်တောင် ရှေ့ဟောင်းနယ်မြေဖြစ်ပါတယ်။ ဒီဖိုဝင်တောင်မှာဆိုရင် ကျောက်ကို ထွင်းထားတဲ့ လှိုဏ်ဂူတွေ ပြီေးတာ့ကျောက်သားကို ထွင်းထားတဲ့ ဆင်းတုတော်တွေ အများကြီး ရှိနေတယ်လို့ သိရပါတယ်။  

ဒီနေရာဟာ လွန်ခဲ့တဲ့ ရာစုနှစ်တွေအတွင်း လူတို့ဖန်တီးခဲ့ရာ ထူးခြားတဲ့နေရာတခု ဖြစ်ပါတယ်။   

သစ်တောသစ်ပင်တွေ ကာရံထားတဲ့ လမ်းသွယ်လေးကမြေပြန့်ဒေသရဲ့ တောင်တစ်လုံးဆီကို ဦးတည်ဖောက်လုပ်ထားပါတယ်။ အခုရောက်နေတဲ့နေရာဟာမုံရွာမြို့ရဲ့ အနောက်ဘက်တည့်တည့် ၁၅ မိုင်အကွာဖြစ်ပါတယ်။

မုံရွာမြို့ကနေချင်းတွင်းတံတားကို ဖြတ်ကျော်လို့ မိုင် ၂၀ ကျော် ခရီးနှင်ပြီးရင်တော့ ဖိုလ်ဝင်တောင် ရှေးဟောင်းယာဉ်ကျေးမှုနယ်မြေဆိုတဲ့ အဝင်မုခ်ဦးကြီးကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ အဲဒီကနေလမ်းသွယ်လေးအတိုင်း ၄ မိုင်လောက် သွားလိုက်ရင်တော့ အညာဒေသရဲ့ ထူးခြားထင်ရှားတဲ့ ဖိုလ်ဝင်တောင်ကို ရောက်ပါပြီ။

ဒေသအခေါ်တော့ ကျောက်ပန်း၊ ပန်းခွေပုံစံဖန်တီးထားပြီးတော့ ခရီးသွားဧည့်သည်တွေအတွက် အမှတ်တရ ဖြစ်စေမယ့်အရာ။ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်တော့ ခေါင်းမှာပန်ဆင်ဖို့ ပျော်ရွှင်စရာအမှတ်တရပစ္စည်းတခုပါပဲ။ ဖိုလ်ဝင်တောင်ကို ရောက်တာနဲ့ ကျောက်ပန်းအပြင် ဝယ်စရာနောက်တခုက မျောက်စာနဲ့ ရေဗူးဖြစ်ပါတယ်။ အနီးတဝိုက် ကျင်လည်ကျက်စားနေတဲ့ မျောက်အုပ်တွေကခရီးသည်တွေဆီကနေ အစာ မျှော်လင့်နေကြပါလိမ့်မယ်။   ဖိုလ်ဝင်တောင်သမိုင်းမှာတော့ မျောက်တွေကလည်းအစဉ်အမြဲရှိနေခဲ့ဟန်တူပါတယ်။

ရှေးအစဉ်အဆက် ဒဏ္ဍာရီပုံပြင်တွေနဲ့ ရိုးရာရုံကြည်မှုတွေကဒီနေရာမှာရှိနေပြန်ပါတယ်။ သဘာဝတောတောင်နဲ့ သစ်တောထူထပ်ရာနေရာဖြစ်ခဲ့တာကြောင့် ဆေးဖက်ဝင်ပစ္စည်းတွေကလည်း ဒီဒေသအတွက် အမှတ်လက္ခဏာတခုဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွေရောင်းတဲ့ ဆေးဘက်ဝင်ပစ္စည်းတချို့ကိုလည်း တွေ့ပါတယ်။

ဖိုလ်ဝင်တောင်ဟာ ကျောက်သားတောင်ကုန်းနံရံတွေနဲ့ ကျောက်တောင်ကြီးတွေကို ထွင်းထုထားတဲ့ လှိုဏ်ဂှုတွေ ဗုဒ္ဓဆင်းထုတော်အပါအဝင် ရှေးခေတ် အနုလက်ရာက နုတ်ပန်းတွေကြောင့် ထင်ရှားလှနေတဲ့ နေရာဖြစ်လာပါတယ်။

ရှေးမြန်မာကျောက်ဆစ်လက်ရာတွေကကျောက်တောင်ကြီးတွေ နံရံကြီးတွေနဲ့ တသားထဲထိစပ်နေကြပါတယ်။ ထွင်းထုထားတဲ့ဂူပေါက်တခုချင်းစီမှာဗုဒ္ဓဆင်းထုတော် တစ်ဆူစံပါယ်နေပါတယ်။ သဘာ၀ ကျောက်တုံးကြီးတွေကသဲကျောက်အမျိုးအစားတွေဖြစ်ပါတယ်။ တနေရာနဲ့တနေရာမာကျောမှု အခြေအနေတွေက မတူညီကြသလို အရောင်တွေလည်း အတွင်းအပြင် ကွဲပြားနေပြန်ပါတယ်။ အများအားဖြင့်တော့ အပြင်ပိုင်းဟာညိုမဲပြီးပိုလို့မာကျောနေသယောင် ရှိပါတယ်။

လက်ဆင့်ကမ်းလာခဲ့တဲ့ ပါးစပ်ရာဇဝင်တွေက ကွဲပြားမှုတော့ ရှိနေပါတယ်။ ဖိုလ်ဝင်တောင်ဒေသ ကျောက်ဆစ်လက်ရာတွေ ဘယ်အချိန်ကပေါ်လာသလဲဆိုတဲ့ မေးခွန်းအတွက်တော့ တိကျတဲ့အဖြေမရှိသေးပါဘူး။ နှစ်ပေါင်း ၇၀၀ ကြာခဲ့ပြီဆိုတဲ့ ယူဆချက်တွေ ရှိနေသလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ဝန်းကျင်၊ ဒုတိယ အင်းဝခေတ်ကာလမှာ စတင်ပေါ်ပေါက်ခဲ့ကြောင်းလည်း ဆိုကြပြန်ပါတယ်။

ကျောက်ဆစ်လက်ရာတွေက မတူညီတဲ့ ခေတ်ကာလတွေ စုပေါင်းပြီးမှ တခမ်းတနား ပေါ်ပေါက်လာခဲ့ကြတာပါ။ ခေတ်အဆက်ဆက် ပေါင်းစုထားတဲ့ လက်ရာတွေ စုဝေးနေကြပါတယ်။ အခုတော့ အလှူရှင်တွေရဲ့ သဒ္ဒါထက်သန်မှုနဲ့အတူ ဖိုဝင်တောင်တခွင်မှာတော့ ကျောက်ဆစ်လက်ရာတွေ ပြည့်ကျပ်နေခဲ့ပါပြီ။

လက်ရာသေသပ်တဲ့ဆင်းတုတော်တွေကဂူကြီးအတွင်းမှာအစီအရီ စံပါယ်နေကြပါတယ်။ ကျောက်ဆစ်လက်ရာတွေကအနုစိတ်တွေအပြင် ထုထည်အခိုင်အခန့်တွေလည်း ပါဝင်နေပါတယ်။

ကြီးမားတဲ့ကျောက်တုံးကြီးကအနုပညာ၊ ဆန်းသစ်တဲ့စိတ်ကူးတွေနဲအတူ အဆောက်အဦးပုံစံ ရုပ်လုံးဖော်ထားပါတယ်။ အမှတ်မထင် အမြင်ကိုလှည့်စားနိုင်ပေမယ့် သေချာဆန်းစစ်ကြည့်မှ အဖြေကို တွေ့နိုင်မယ့်ပုံစံ … တမူထူးခြားနေပါတယ်။

ထူးခြားတဲ့ နောက်ထပ် အနုလက်ရာကတော့ နံရံဆေးရေးပန်းချီတွေဖြစ်ပါတယ်။ နံရံဆေးရေးပန်ချီတွေက ရောင်စုံဖြာနေကြပါတယ်။ ကိုးကွယ်ရာဘာသာတရားနဲ့ဆိုင်တဲ့ လက်ရာတွေကအများစုဖြစ်ကြပါတယ်။

ဂူတခုချင်းစီမှာမတူညီတဲ့ ထူးခြားချက်တွေရှိနေတက်ပါတယ်။ ဂူတိုင်းဆင်းတုတော်တိုင်းကိုလည်း အပြည့်အစုံလေ့လာဖို့ အချိန်ယူရပါလိမ့်မယ်။ တနေရာကနေတနေရာကျောက်သား ရှိတိုင်း ဂူတွေ ရှိနေပါတယ်။ ဂူတွေရှိတိုင်းလည်းဗုန္ဓဆင်းတုတော်တွေ ရှိနေပြန်ပါတယ်။ အထူးခြားဆုံးထဲက တခုအပါအဝင်ဖြစ်ပါတယ်။

အခုတွေ့နေရတာကတော့ မိဘုရားလှိုဏ်ဂူဖြစ်ပါတယ်။ ကြီးမားတဲ့ကျောက်တုံးကြီးကို နန်းတော်ပုံစံထုလုပ်ထားသလိုမိဖုရား ဂူလို့လည်း အမည်ရှိတဲ့နေရာဖြစ်ပါတယ်။ အနုစိတ်ပုံဖော်ထားတဲ့ နတ်သမီးနတ်သားရုပ်ထုတွေက ဂူတံခါးတဖက်တချက်စီမှာ မတ်တပ်ရပ်ဟန် ရှိနေပါတယ်။ အတွင်းဘက်မှာတော့ ဗုဒ္ဓဆင်းထုတော်တွေနဲ့အတူနံရံဆေးရေးပန်ချီတွေက ရောင်စုံဖျာကြနေပါတယ်။ အကောင်းပတိနီးပါးသေသပ်လှပနေတဲ့ ရောင်စုံပန်းချီတွေက အတွင်းဘက်နံရံ အပြည့်ရှိနေပါတယ်။ များပြားလှတဲ့သရုပ်ဖော်ပုံတွေကဗုဒ္ဓဘာသာ သက်ဝင်မှုကို အထင်အရှားတွေ့မြင်ရမယ့် အရာတွေပဲဖြစ်ပါတယ်။

ဖိုလ်ဝင်တောင်ရဲ့ အမြင့်ဆုံးအကြီးဆုံး ကျောက်ဆစ်လက်ရာတခု ဖြစ်ပါတယ်။ ကနုတ်ပန်းအပြည့် ကျောက်သားတိုင်ကြီးနဲ့ ခန့်ညားလှပစွာတွေ့ရမယ့် နေရာတခုဖြစ်ပါတယ်။ မြင့်မိုတောင်ရယ်လို့ ရည်ရွယ်ပုံဖော်ထားသလို ဖိုဝင်တောင်ရဲ့ အမြင့်ဆုံးအကြီးဆုံးကျောက်ဆစ် ပန်းကနုတ်လက်ရာ ဖြစ်ပါတယ်။ အပေါ်ဘက် အမြင့်ဆုံးနေရာအထိ ကျောက်သားထုကြီးတခုထဲကိုပဲ ထွင်းထုထားတဲ့ လက်ရာ ဖြစ်ပါတယ်။

အခုမြင်နေရတာကတော့ မြင့်မိုရ်တောင်လို့ အမည်ရပါတယ်။ အဲဒီတောင်မှာ တောင်စဉ် ခုနှစ်ထပ် ဝန်းရံထားတယ်ဆိုတဲ့ အချက်လေးကို ရည်ရွယ်ပြီးတော့ ဝင်ပေါက်လေးရဲ့ တစ်ဖက်တစ်ချပ်ဆီမှာ ဟိုဘက်ခုနှစ်တိုင် ဒီဘက်ခုနှစ်တိုင် ပန်းကနုတ်တိုင်တွေကို ပုံဖော်ထားပါတယ်။ မြင့်မိုရ်တောင်ရဲ့ အပေါ်မှာဆိုရင်လည်း စေတီငယ်လေးတစ်ဆူကို တွေ့ရမှာပါ။ ဒီစေတီလေးဟာ မြင့်မိုရ်တောင်ထိပ်မှာ တည်ထားတဲ့ စူဋ္ဌာမနိ စေတီတည်ထားတယ်ဆိုတဲ့ အချက်ကို ရည်ရွယ်ပြီးတော့ ထည့်သွင်းပြီးတော့ ပူးဇော်ထားကြတာပါ။

ရှေးကာလရဲ့ ထင်ရှားတဲ့အမွေအနှစ် တခုအဖြစ် ဖိုဝင်တောင်ဟာ ခန့်ညားထည်ဝါတဲ့ အနုပညာ လက်ရာတွေ စုဝေးရာဖြစ်ခဲ့ပါပြီ။ သဘာ၀ ကျောက်သားကျောက်တုံးကြီးတွေဟာ ဘာသာတရား ကိုင်းရှိုင်းမှုနဲ့အတူ အနုပညာမြောက် လက်ရာမွန်တွေ ဖြစ်ခဲ့ကြပါပြီ။ မရေတွက်နိုင်အောင် များပြားလှတဲ့ ဒီအမွေအနှစ်တွေဟာရှေးကာလရဲ့ ငြိမ်းအေးရာဒေသအဖြစ်လည်း သက်သေပြလို့နေပါတယ်။

ဖိုလ်ဝင်တောင်က အမြင့်ပေ တစ်ထောင်လောက် ရှိပါတယ်။ ဖိုလ်ဝင်တောင်မကြီးနဲ့ တဆက်တည်းမှာတောနသိုးတောင် ဖန်ခါးတောင် ရွှေဘတောင် စတဲ့ ရှိနေသေးပြီးအဲဒီတောင်တွေပေါ်မှာလည်းဘုရားစေတီတွေ တည်ထားပါတယ်။

သဘာဝတောင်ကြားတခုတော့ မဟုတ်ပါဘူး။ ကျောက်သားပြည့် တောင်ကုန်းတခုကိုထွင်းဖောက်ထားတဲ့ ကျောက်သားနံရံအဆောက်အဦးဖြစ်ပါတယ်။ ကျောက်သားလှေကားတွေ လျှောက်လမ်းတွေ မုခ်ဝင်ပေါက်ကြီးတွေနဲ့ ကျောင်းဆောင်ကြီးပုံစုံထွင်းထုပုံဖော်ထားတာဖြစ်ပါတယ်။ ဒီနေရာကနောက်ထပ်ထူးခြားတဲ့ အရာတခုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly