အီရန်က ကီလိုမီတာ ၂၀၀၀ အထိ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည်သစ်အား ထုတ်ဖော်ပြသ

အီရန်က ကီလိုမီတာ ၂၀၀၀ အထိ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည်သစ်အား ထုတ်ဖော်ပြသ

တီဟီရန်၊ စက်တင်ဘာ ၂၃ ။          ။ အီရန်စစ်တပ်က နိုင်ငံ၏ လက်နက်စီမံကိန်းကို အမေရိကန်က ဆန့်ကျင်သတိပေးနေသည့်ကြားမှ တီဟီရန်က စစ်ရေးပြပွဲတွင် ကီလိုမီတာ ၂၀၀၀ အထိ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည်သစ်အား စက်တင်ဘာ ၂၂ ရက်က ထုတ်ဖော်ပြသသည်။

နျူကလီးယားထိပ်ဖူး မျိုးစုံတင်နိုင်စွမ်းသော Khorramshahr ဟု အမည်ပေးထားသည့် ဒုံးကျည်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် အလီဟာဂျီဇာဒက်က ပြောကြောင်း နိုင်ငံပိုင် ရုပ်သံသတင်းက ဖော်ပြသည်။

ယခု ဒုံးကျည်သည် အရွယ်သေးငယ်ပြီး မဟာဗျူဟာမြောက်ကြောင်း၊ လာမည့် အနာဂတ်တွင် စစ်တပ်အတွင်း တပ်ဆင်ထားရှိမည် ဖြစ်ကြောင်း အစ္စလာမ်တော်လှန်ရေးအစောင့်တပ် IRGC ၏ တပ်မမှူး ဟာဂျီဇာဒက်က ဆိုသည်။

အီရန်၏ ဒုံးကျည်စီမံကိန်းများနှင့် ပတ်သက်ကာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု  တစ်ချို့ မကြာမတင်အချိန်က ပြဌာန်းချမှတ်ထားသည့်ကြား ယခုဒုံးကျည်ကို အီရန်က ထုတ်ပြလာခြင်းပဲ ဖြစ်သည်။

အဆိုပါ စစ်ရေးပြသမှုအတွင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီက ၎င်း၏ နိုင်ငံသည် စစ်ရေးစွမ်းရည်ကို မြင့်တင်သွားပြီး  ဒုံးကျည်စီမံကိန်းကိုလည်း ခိုင်ခံ့အောင် တည်ဆောက်သွားမည်ဟု ပြောခဲ့သည်။

“ကျွန်တော်တို့အနေနဲ့က ကိုယ်မြေကို ကာကွယ်ရေးအတွက် ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းစရာ မလိုဘူး။”ဟု ရိုဟာနီက အီရန်-အီရတ်စစ်ပွဲ(၁၉၈၀-၈၈) နှစ်ပတ်လည်နေ့မြောက် အဆိုပါ စစ်ရေးပြသမှုတွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required