မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူဦးရေ ၂၉၂ ဦးအထိ မြင့်တက်

မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူဦးရေ ၂၉၂ ဦးအထိ မြင့်တက်

စက်တင်ဘာ ၂၃ ။           ။ မက္ကဆီကို နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ယခုသီတင်းပတ်အစောပိုင်းတုန်းက လှုပ်သွားခဲ့တဲ့ ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ အားပြင်းမြေငလျင်ကြောင့် သေဆုံးသူဦးရေဟာ ယခုအခါ ၂၉၂ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အေဂျင်စီအကြီးအကဲက အတည်ပြုပါတယ်။

ယခု နောက်ဆုံးကောက်ယူရရှိထားတဲ့ ကိန်းဂဏာန်းတွေအရ မက္ကဆီကို စီးတီး တစ်ခုတည်းမှာတင် သေဆုံးသူဦးရေဟာ ယခင် ၁၄၈ ဦးကနေ ၁၅၄ ဦးထိ ရှိလာခဲ့ကြောင်း အမျိုးသားအရပ်ဘက်ကာကွယ်ရေးညှိနှိုင်းရေးမှူး လူးဝစ် ဖိလစ်ပီ ပွမ်တေးက ပြောပါတယ်။

အလားတူ သေဆုံးသူစာရင်းအရ မိုရယ်လက်စ် ပြည်နယ်မှာ ၇၃ ဦး၊ ပွယ်ဘလာပြည်နယ်မှာ ၄၅ ဦးနဲ့ မက္ကဆီကို ပြည်နယ်မှာ ၁၃ ဦး၊ ဂွယ်ရဲယိုးပြည်နယ်မှာ ခြောက်ဦး၊ အောက်ဆာကာပြည်နယ်မှာ တစ်ဦးတို့ လည်း ရှိနေသေးကြောင်း သိရပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် ပျောက်ဆုံးနေသူဦးရေ ယခင်က ၂၀၀ ခန့်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ ၄၂ ဦးသို့ လျှော့ချထုတ်ပြန်ခဲ့ပါတယ်။ ၎င်းပျောက်ဆုံးနေသူတွေဟာလည်း ယခုထက်ထိ ပြိုကျပျက်စီးနေသည့် အဆောက်အအုံ အပျက်အစီးပုံများအောက်တွင် ရှိနေမည်ဟု ပွမ်တေးက ပြောပါတယ်။

ယခုအခါ ချီလီ၊ ကိုလီဘီယာ၊ စပိန်၊ အစ္စရေး၊ ဂျပန်နှင့် အခြားသော နိုင်ငံများမှ အကူအညီပေးရေးအဖွဲ့များလည်း မက္ကဆီကိုသို့ ရောက်ရှိနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly