စက်တင်ဘာ ၂၃ ။ ။ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝါထရာ ပြီးခဲ့တဲ့လက ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာမှာ ရဲသုံးဦးက ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ ဒုတိယခေါင်းဆောင်က စွပ်စွဲလိုက်ပါတယ်။
၂၀၁၄ ခုနှစ်က ပြုတ်ကျသွားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နောက်ပိုင်းကတည်းက နိုင်ငံမှာ မတွေ့ရတော့ဘဲ ယင်းနောက် သူမ နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ရတာဖြစ်ပါတယ်။
ယင်လပ်ဆီမှာ ယခုလို ပြည်ပကို ထွက်ပြေးမယ့် အစီအစဉ်ရှိနေခဲ့တာနဲ့ပတ်သက်လို့ မိမိတို့ လုံ့၀ မသိခဲ့ရကြောင်း ထိုင်းအစိုးရက ပြောထားပါတယ်။ ဒါပေမယ့်လည်း ၂၄ နာရီပတ်လုံး တင်းတင်းကျပ်ကျပ် စောင့်ကြည့်မှုတွေ လုပ်ထားတဲ့ကြားကနေ ယခုလို ယင်လပ်ထွက်ပြေးသွားနိုင်မှုမှာ ထိုင်းအစိုးရ လုံ့၀ မသိခဲ့ရဆိုသည့်အပေါ် ထိုင်းနိုင်ငံသားအများစုအနေဖြင့် ယုံကြည်ရန် ခဲယဉ်းနေလျက်ရှိတယ်လို့လည်း သိရပါတယ်။
အကဲဖြတ်များ၏ အဆိုအရ ယခုကိစ္စတွင် ယင်လပ်အနေဖြင့် နိုင်ငံမှထွက်ခွာရန် စစ်အစိုးရနှင့်အကြား လျို့ဝှက်သဘောတူညီချက်တစ်ခု ရယူသွားနိုင်ခဲ့ကြောင်း ဆိုထားသည်။
သို့သော် ယင်းစွဲချက်ကို ထိုင်းအစိုးရက ငြင်းဆန်ထားခဲ့ပြီး ယခုအခါတွင်မူ ယင်လပ်ကိစ္စ၌ ရဲများဘက်သို့ မြှားဦးလှည့်လိုက်ပြီ ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့အဆိုအရ ယခုသီတင်းပတ်အတွင်း ရဲသုံးဦးကို ခေါ်ယူစစ်ဆေးထားခဲ့ကြောင်း၊ အလားတူ ယင်လပ်ကို ကမ္ဘောဒီးယားနယ်စပ်သို့ လိုက်ပို့ပေးခဲ့ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် ကားတစ်စီးကိုလည်း သိမ်းဆည်းထားကြောင်း၊ ယင်လပ်မှာ ယင်းနယ်စပ်ကနေတဆင့် တစ်ခြားနိုင်ငံတစ်နိုင်ငံဆီသို့ ရောက်ရှိသွားခဲ့ကြောင်း ဆိုထားပါတယ်။
" သူတို့ပြောတာတော့ ယင်လပ်ကို ကူညီဖို့ အထက်အမိန့် ရထားခဲ့တယ်ဆိုပါတယ်" ဆိုပြီး ထိုင်းအစိုးရ နံပါတ်နှစ်ပုဂ္ဂိုလ် ပရာဝစ် ဝေါင်ဆူဝန်က ပြောသွားပါတယ်။
သို့သော် ယခုကိစ္စမှာ နောက်ကွယ်ကနေ ကြိုးကိုင်အမိန့်ပေးခဲ့သူ မည်သူမည်ဝါ ဆိုသည်ကို ပြောဆိုရန် ပရာဝစ်က ငြင်းဆန်သွားခဲ့ပါတယ်။