ဟာရီကိန်း မာရီယာကြောင့် သေဆုံးသူဦးရေ ၃၃ ဦးအထိ ရှိလာ

By AFP
23 September 2017
ဟာရီကိန်း မာရီယာကြောင့် သေဆုံးသူဦးရေ ၃၃ ဦးအထိ ရှိလာ

စိန့်ဂျွန်း၊ စက်တင်ဘာ ၂၃ ။            ။ ဟာရီကိန်း မုန်တိုင်း ဝင်ရောက်ပြီးနောက် ရေကြီးမှုဘေး ရင်ဆိုင်ကြုံတွေ့နေသာ ပေါတိုရီကိုတွင် နေအိမ်များတွင် ပိတ်မိနေကြသော ဒေသခံများအား ကယ်ဆယ်ရေများ လုပ်ဆောင်နေရသည်။

မာရီယာ ဟာရီကိန်း မုန်တိုင်းဝင်ရောက်ခဲ့ရာ ဒေသများတွင် သေဆုံးသူဦးရေက ၃၃ ဦးအထိ ရှိနေပြီဖြစ်သည်။

ဟာရီကိန်းမုန်တိုင်း မာရီယာသည် အမေရိကန်၏ သီးခြားပိုင်နက်နယ်မြေ ပေါတိုရီကိုကျွန်းတွင် လျှပ်စစ်မီးများနှင့် ဆယ်သွယ်ရေးအခြေခံအဆောက်အအုံများကို ဖျက်ဆီးပစ်သွားသည့် ရာစုတစ်ခုအတွင်း ပျက်စီးမှုအကြီးဆုံး မုန်တိုင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ရီကာဒိုက ပြောသည်။

“ကျွန်းရဲ့ နေရာတစ်ချို့မှာ ဆယ်သွယ်ရေးတွေ ပြတ်တောက်နေတယ်။ ဒါကြောင့် မုန်တိုင်းနောက်ပိုင်း ပေါတိုရီကိုမှာ သေဆုံးသူပေါင်း ၁၃ ဦးရှိမယ်လို့ ကနဦး ခန့်မှန်းထားတယ်။”ဟု ရီကာဒိုက စီအင်န်အင်န်သတင်းဌာနသို့ ပြောသည်။

“အခု ကျွန်တော်တို့ ပြည်သူတွေအားလုံး ဘေးကင်းရေးကို ဆောင်ရွက်နေတယ်။ ကယ်ဆယ်ရေးပေါင်း ၇၀၀ နီးပါး ကျွန်တော်တို့ လုပ်ဆောင်ထားပြီး ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

ပေါတိုရီကိုက အချို့ဧရိယာများတွင် မုန်တိုင်းကြောင့် မိုးရေချိန် လက်မ ၄၀ ရွာသွန်းနိုင်ကြောင်း၊ မိုးသည်းထန်ရေကြီးမှုများကြောင့် မြေပြိုမှုများ ဖြစ်နိုင်ကြောင်း အမျိုးသားဟာရီကိန်းစင်တာက ပြောသည်။

“ရေကြီးမှုတွေ တော်တော် ဖြစ်ပွားနေတာ ဖြစ်တယ်။ အိမ်တွေ ရေမြုပ်ပျက်စီးတဲ့ သတင်းတွေလည်း ကြားရတယ်။ မိုးက ဆက်ရွာသွန်းနေဆဲပဲ ဖြစ်တယ်။”ဟု ရီကာဒိုက ပြောသည်။

မာရီယာမုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၃၃ ဦးတွင် ပေါတိုရီကိုတွင် ၁၃ ဦး၊ ဒိုမီနီကန်တွင် ၁၅ ဦး၊ ဟေတီတွင် သုံးဦးနှင့် ဂွါဒယ်ကျွန်းတွင် နှစ်ဦး သေဆုံးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly