ဖီဖာကမ္ဘာ့အကောင်းဆုံးဆုအတွက် နောက်ဆုံး ဆန်ခါတင် သုံးဦးစာရင်းမှာ စီရော်လ်နယ်ဒို၊ မက်ဆီ၊ နေမာတို့ ပါဝင်

ဖီဖာကမ္ဘာ့အကောင်းဆုံးဆုအတွက် နောက်ဆုံး ဆန်ခါတင် သုံးဦးစာရင်းမှာ စီရော်လ်နယ်ဒို၊ မက်ဆီ၊ နေမာတို့ ပါဝင်
(ဓာတ်ပုံ - အီးပီအေ)

ဖီဖာကမ္ဘာ့အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုအတွက် နောက်ဆုံး ဆန်ခါတင် သုံးဦးစာရင်းမှာ ရီးယဲလ်အသင်းမှ တိုက်စစ်မှူး စီရော်လ်နယ်ဒို၊ ဘာစီလိုနာကြယ်ပွင့် မက်ဆီနှင့် ၎င်းရဲ့ အသင်းဖော်ဟောင်း နေမာတို့ပါဝင်ခဲ့ကြောင်း ဖီဖာဘောလုံးအဖွဲ့ချုပ်က သောကြာနေ့က ကြေညာခဲ့ပါတယ်။

လာမယ့် အောက်တိုဘာ(၂၃)ရက်မှာ ဖီဖာကမ္ဘာ့အကောင်းဆုံးဆုပေးပွဲ ကျင်းပမယ့် လန်ဒန်မြို့မှာပဲ အဆိုပါထုတ်ပြန်ကြေညာချက်ကို ပြုလုပ်ခဲ့တာဖြစ်တယလို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်နှင့် ပေါ်တူဂီအသင်းတို့ရဲ့ ဂိုးအများဆုံးသွင်းထားသူ စီရော်လ်နယ်ဒိုဟာ အသင်းနှင့်အတူ လာလီဂါနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ပြီး ယခုနှစ်ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု နှစ်နှစ်ဆက် ရရှိရန် ရေပန်းစားနေပါတယ်။ စီရော်လ်နယ်ဒိုဟာ တကယ်လို့ ယခုနှစ်မှာ ထပ်မံဆွတ်ခူးခဲ့ပါက မက်ဆီရဲ့ စံချိန်ကို အမီလိုက်နိုင်မှာဖြစ်ပါတယ်။

ဖီဖာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အကြိမ်အများဆုံးအဖြစ် (၅)ကြိမ်တိုင်ရရှိခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီမှာလည်း ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနှင့် ရောက်ရှိခဲ့သူ နေမာနှင့်အတူ ပြီခဲ့တဲ့ရာသီက စပိန်ဘုရင့်ဖလား ဆွတ်ခူးခဲ့ပြီးနောက် ယခုစာရင်းမှာ နောက်တစ်ကြိမ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ဖီဖာကမ္ဘာ့အကောင်းဆုံး အမျိုးသားနည်းပြဆုအတွက် ဆန်ခါတင် သုံးဦးစာရင်းမှာ ချန်ပီယံလိဂ် ချန်ပီယံအဖြစ် ၁၂ ကြိမ်မြောက်ဖလားနှင့် လာလီဂါအမှတ်ပေးဖလားကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ရီးယဲလ်နည်းပြ ဇီဒန်း၊ ဂျူဗီတပ်စ်အသင်းကို စီးရီးအေဖလားနှင့် ချန်ပီယံလိဂ်ဗိုလ်လုပ်ပွဲအထိ ပို့ဆောင်ခဲ့သူ အယ်လီဂရီနှင့် ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြ ကွန်တီတို့ ပါဝင်ခဲ့ကြပါတယ်။

ဖီဖာကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုအတွက် ဝါရင့်ဂိုးသမား ဘူဖွန် (ဂျူဗင်တပ်စ်)ဟာ နာဗက်စ် (ရီးယဲလ်)နှင့် နူအာ (ဘိုင်ယန်မြူနစ်)တို့ အပြိုင်လုရမှာဖြစ်ပါတယ်။

အမျိုးသမီးအကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ကက်စတယ် လာနို့စ်(ဗင်နီဇွဲလား)၊ ကာလီလွိုက်ဒ်(အမေရိကန်)၊ မာတင်စ်(နယ်သာလန်)တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required