ကလေးမြို့ရေကြီးမှု ၄ရက်အတွင်း လူအသေအပျောက်မရှိသော်လည်း လူ၁သောင်းကျော်ပြောင်းရွေ့ရ

ကလေးမြို့ရေကြီးမှု ၄ရက်အတွင်း လူအသေအပျောက်မရှိသော်လည်း လူ၁သောင်းကျော်ပြောင်းရွေ့ရ
ဓာတ်ပုံ-စိုးထိုက်(ကလေး)

ရန်ကုန်၊စက်တင်ဘာ၂၂ ။             ။ ကလေးမြို့ရေကြီးနေသည့် (၄)ရက်အတွင်း လူတစ်သောင်းကျော်ပြောင်းရွေ့ခဲ့ရသော်လည်း လူပျောက်ဆုံး သေဆုံးမှုများမရှိကြောင်း ကလေးမြို့သို့သွားရောက်ကာ ထောက်ပံ့ရေးလုပ်ဆောင်နေသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက ပြောသည်။

"ကလေးမြို့အခြေအနေ ရေကျနေပြီဆရာ၊အသေအပျောက်ကတော့ တစ်ယောက်မှမရှိပါဘူး ။ ဒီမှာကတော့ ရေက ကြီးနေကျပါ" ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက ပြောသည်။

၎င်းဒေသရှိ အိမ်ပေါင်း(၂၀၁၄၉)မှ အိမ်ထောင်စု(၂၀၂၄၁)စုသည် နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆွေမျိုးများထံပြောင်းရွှေ့နေရသည်။

လူတစ်ဦးလျှင် ဆန်တစ်ဗူးနူန်းဖြင့် (၇)ရက်စာ ဆန်ရိက္ခာကိုလည်း ကလေးမြို့သို့သွားရောက်ထောက်ပံ့နေည့် လူမှုဝန်ထမ်းဦးစီးဌာနမှ လှူဒါန်းထားသည်။

"မနေ့ကထိ သိန်း(၁၀၀) လှူထားတာလေ ။ သိန်း၁၀၀နီးပါးရှိတဲ့ ဆန်ရိက္ခာဖိုးငွေပေါ့။ အဲဒါတွေတော့ ထောက်ပံံ့ထားတယ်ပေါ့ ။ ဒီနေ့တော့ အဲဒီမှာရှိနေတုန်းပဲ ။ ဒုညွှန်ချုပ်တော့ ထောက်ပံ့နေတုန်းဆိုတော့ စာရင်းတွေတော့ မရသေးဘူး" ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြုလဲ့လဲ့ထွန်းက ပြောသည်။

ထို့အပြင် ရေကြီးမှုကြောင့် ပြောင်းရွေ့ရသည့်လူပေါင်း (၁၀၁၉၈)ဦးရှိနေကြောင်း စက်တင်ဘာ(၁၉)ရက်မှ စက်တင်ဘာ(၂၂)ရက်နေ့အထိ လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ကလေးမြို့တွင် ယမန်နေ့ စက်တင်ဘာလ(၂၁)ရက်နေ့အထိ ရေကြီးမှုကြောင့်ပြောင်းရွေ့ရသူပေါင်း (၇၉၃၇)ဦးရှိခဲ့ပြီး စက်တင်ဘာ၂၂ရက်နေ့တွင် ပြောင်းရွေ့လူဦးရေ (၂၂၆၁)ဦး တိုးလာခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly