ရန်ကုန်၊စက်တင်ဘာ၂၂ ။ ။ ကလေးမြို့ရေကြီးနေသည့် (၄)ရက်အတွင်း လူတစ်သောင်းကျော်ပြောင်းရွေ့ခဲ့ရသော်လည်း လူပျောက်ဆုံး သေဆုံးမှုများမရှိကြောင်း ကလေးမြို့သို့သွားရောက်ကာ ထောက်ပံ့ရေးလုပ်ဆောင်နေသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက ပြောသည်။
"ကလေးမြို့အခြေအနေ ရေကျနေပြီဆရာ၊အသေအပျောက်ကတော့ တစ်ယောက်မှမရှိပါဘူး ။ ဒီမှာကတော့ ရေက ကြီးနေကျပါ" ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက ပြောသည်။
၎င်းဒေသရှိ အိမ်ပေါင်း(၂၀၁၄၉)မှ အိမ်ထောင်စု(၂၀၂၄၁)စုသည် နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆွေမျိုးများထံပြောင်းရွှေ့နေရသည်။
လူတစ်ဦးလျှင် ဆန်တစ်ဗူးနူန်းဖြင့် (၇)ရက်စာ ဆန်ရိက္ခာကိုလည်း ကလေးမြို့သို့သွားရောက်ထောက်ပံ့နေည့် လူမှုဝန်ထမ်းဦးစီးဌာနမှ လှူဒါန်းထားသည်။
"မနေ့ကထိ သိန်း(၁၀၀) လှူထားတာလေ ။ သိန်း၁၀၀နီးပါးရှိတဲ့ ဆန်ရိက္ခာဖိုးငွေပေါ့။ အဲဒါတွေတော့ ထောက်ပံံ့ထားတယ်ပေါ့ ။ ဒီနေ့တော့ အဲဒီမှာရှိနေတုန်းပဲ ။ ဒုညွှန်ချုပ်တော့ ထောက်ပံ့နေတုန်းဆိုတော့ စာရင်းတွေတော့ မရသေးဘူး" ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြုလဲ့လဲ့ထွန်းက ပြောသည်။
ထို့အပြင် ရေကြီးမှုကြောင့် ပြောင်းရွေ့ရသည့်လူပေါင်း (၁၀၁၉၈)ဦးရှိနေကြောင်း စက်တင်ဘာ(၁၉)ရက်မှ စက်တင်ဘာ(၂၂)ရက်နေ့အထိ လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ကလေးမြို့တွင် ယမန်နေ့ စက်တင်ဘာလ(၂၁)ရက်နေ့အထိ ရေကြီးမှုကြောင့်ပြောင်းရွေ့ရသူပေါင်း (၇၉၃၇)ဦးရှိခဲ့ပြီး စက်တင်ဘာ၂၂ရက်နေ့တွင် ပြောင်းရွေ့လူဦးရေ (၂၂၆၁)ဦး တိုးလာခဲ့ခြင်းဖြစ်သည်။