ရခိုင်ပြည်နယ်၌ ဘင်္ဂါလီဘေးကင်းဇုန်လုပ်သင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြောဆိုမှုကို အစိုးရ ပယ်ချ

ရခိုင်ပြည်နယ်၌ ဘင်္ဂါလီဘေးကင်းဇုန်လုပ်သင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြောဆိုမှုကို အစိုးရ ပယ်ချ
ဓာတ်ပုံ - စိုးသူရ

 

ရန်ကုန် ၊စက်တင်ဘာ ၂၂ ။                 ။ ဘင်္ဂါလီ(ရိုဟင်ဂျာ) ဒုက္ခသည်များအတွက် ရခိုင်ပြည်နယ်အတွင်း၌ ဘေးကင်းဇုန်(Safe Zone) လုပ်သင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ကုလသမဂ္ဂညီလာခံတွင် တောင်းဆိုခဲ့ခြင်း အပေါ် လုံးဝလက်ခံသွားမည် မဟုတ်ကြောင်း အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

"ကျွန်တော်တို့နိုင်ငံက ဒီလိုဘေးကင်းဇုန်ကို လုံးဝခွင့်ပြုမှာမဟုတ်ဘူး။နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မြန်မာနိုင်ငံကို ဘေးကင်းဇုန် လုပ်သင့်ပါတယ်ဆိုပြီး သူ့ပြောလို့မရဘူး၊ပြောစရာမလိုဘူး။ သူ့နိုင်ငံထဲမှာ လုပ်ချင်လုပ်ပေါ့ဗျာ၊  ကျွန်တော်တို့ဆီမှာတော့ လုံးဝလက်မခံဘူး" ဟု မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။

ကုလသမဂ္ဂ၏ ထိန်းကျောင်းမှုဖြင့် ဘင်္ဂါလီ(ရိုဟင်ဂျာ) ဘေးကင်းဇုန် တစ်ခု ဖန်တီးပေးရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ကုလသမဂ္ဂညီလာခံတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးလာသည့် မွတ်ဆလင်များအတွက် ရည်ရွယ်ပြီး တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

 "ဒီလူတွေက သူတို့နေရာကို ဘေးကင်းကင်း သိက္ခာရှိရှိနဲ့ ပြန်နိုင်ဖို့ လိုအပ်ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဆိုသည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေး ရောက်ရှိ လာသည့် မွတ်ဆလင်များကို ရည်ညွှန်းပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း လည်းဖြစ်သည်။

 ကုလသမဂ္ဂ၏စာရင်းများတွင် ထွက်ပြေးလာသည့် ဒုက္ခသည်ဦးရေမှာ လေးသိန်းနှစ်သောင်းဟုဖေါ်ပြထားပြီး မြန်မာအစိုးရ ဘက်ကမူ ဘင်္ဂလားဒေ့ရှိဘက်သို့ ထွက်ပြေးသွားသည့်အရေအတွက် ကိုအတည်ပြုမပေးသေးပေ။

"အတိုင်ပင်ခံရဲ့ မိန့်ခွန်းထဲမှာ ဒုက္ခသည်တွေကို အချိန်မရွေးလက်ခံမယ်။ လက်ခံတဲ့အခါမှာလဲ ၁၉၉၃ စာချုပ် အရ လက်ခံမယ်ဆိုတာလည်း ပြောထားတယ်" ဟု မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

ယခုလ စက်တင်ဘာ ၁၉ရက်တွင်  နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် နိုင်ငံတော်အခြေပြမိန့်ခွန်းထဲတွင် ထွက်ပြေးသွားသော ဘင်္ဂါလီများကို ပြန်လည်လက်ခံသွားမည်ဟု ဆိုသော်လည်း စိစစ်ပြီးမှသာ လက်ခံသွားမည်ဟု ပြောဆိုထားခဲ့သည်။

 အဆိုပါ ၁၉၉၃ စာချုပ်ထဲတွင်  ပြန်လာလိုသူများသည် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည် ၊ မိမိသဘောဆန္ဒအရ ပြန်လာသူဖြစ်ရမည် ၊ ထွက်ပြေးနေစဉ်မွေးလာသည့် ကလေး၏ မိခင်ဖခင်တွေသည် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည်၊ မြန်မာပြည်သို့ ပြန်ဝင်လာသည့်အခါ ကွဲကွာနေသည့် မိသားစုဝင်များဆိုသည့် လူပိုများခေါ်ဆောင်လာပါက အဆင့်မြင့်တရားရုံး၏ ထောက်ခံချက် လိုအပ်မည် စသည့်အချက်များနှင့် စိစစ်မှာ ဖြစ်သည်။

 ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ဘင်္ဂါလီဘေးကင်းဇုန် တည်ဆောက်ရေးအဆိုသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို တင်ပြပြီး တရုတ်နှင့် ရုရှားအပါအဝင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူမှသာ အတည်ပြုနိုင်မည်ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly