နယ်စပ် ခြံစည်ရိုးကာရံရန် မဘသ(ဗဟို) မှ ကျပ် သိန်းနှစ်ထောင်လှူဒါန်း

နယ်စပ် ခြံစည်ရိုးကာရံရန် မဘသ(ဗဟို) မှ ကျပ် သိန်းနှစ်ထောင်လှူဒါန်း
ဓာတ်ပုံ - စိုးသူရ

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ။            ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်ရိုးကာရံရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတအသင်း (ယခင် မဘသ အဖွဲ့အစည်း) မှ ကျပ် သိန်းနှစ်ထောင် လှူဒါန်းခဲ့သည်ဟု ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာ အရှင်သောပါက က မဇ္ဈိမသို့ မိန့်ကြားသည်။

"အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့တိုင်းရင်းသားတွေ၊ တိုက်ခိုက်မှုဒဏ် ကြောင့် သေဆုံးသွားတဲ့ ဝန်ထမ်းတွေ ၊ ရဲတို့၊ တပ်မတော်သားတို့ ရဲ့ မိသားစုတွေ ၊ခြံစည်းရိုးကာရံတာတွေ အဲ့ခေါင်းစဉ်အောက်မှာ ဦးဇင်းတို့က သိန်းနှစ်ထောင် လှူဒါန်းတာပေါ့" ဟု ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာ အရှင်သောပါက က မိန့်သည်။

အဆိုပါ လှူဒါန်းငွေများကို ယမန်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြုလုပ်သည့် လှူဒါန်းပွဲ အခမ်းအနားတွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။

လှူဒါန်းငွေများအနေဖြင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတအသင်း (ယခင် မဘသ အဖွဲ့အစည်း) မှ သိန်း ၂၀၀၀ ၊ နယ်စပ်ခြံစည်းရိုး နှစ်မိုင် ကာရံရန် ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ် ၁၂၆၇၆ သိန်း  ၊ ရွှေသံလွင် Sky Net မှ သိန်း ၃၀၀၀၊ ဒုတိယသမ္မတဦးမြင့်ဆွေ မိသားစုမှ ၂၅ သိန်း အပါအဝင်  လှူဒါန်းခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၂၂၇၇၈ သိန်း ရရှိခဲ့ကြောင်း သိရသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်းနှင့်ပတ်သက်ပြီး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတအသင်း (ယခင် မဘသ အဖွဲ့အစည်း) မှ သီးသန့်လှူဒါန်းသွားရန် အစီအစဉ် ရှိနေသည်ဟုလည်း  ဒေါက်တာ အရှင်သောပါက က ဆက်လက်မိန့်ကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required