ကင်ညာ၌ ရွေးကောက်ပွဲရလဒ်ကို မဲရုံတစ်သောင်းကျော် မဲမရေတွက်ဘဲ ကြေညာခဲ့ခြင်း ဖြစ်ဟုဆို

ကင်ညာ၌ ရွေးကောက်ပွဲရလဒ်ကို မဲရုံတစ်သောင်းကျော် မဲမရေတွက်ဘဲ ကြေညာခဲ့ခြင်း ဖြစ်ဟုဆို

နိုင်ရိုဘီ၊ စက်တင်ဘာ ၂၂ ။               ။ ကင်ညာနိုင်ငံက ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ မဲရလဒ်ကို မဲရုံပေါင်း တစ်သောာင်းကျော်ထက်မနည်း မဲရေတွက်ခြင်း မရှိဘဲ သမ္မတအဖြစ် အနိုင်ရအရွေးခံရသူကို ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးချုပ်က စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

သြဂုတ် ၈ ရက် ရွေးကောက်ပွဲတွင် သမ္မတ ကင်ယတ်တာ ပြန်လည်အရွေးခံရခြင်းသည် တရားမဝင်ကြောင်း ဆုံးဖြတ်ထားသည့် တရားရုံးချုပ်က ယခုတွင် ၎င်းတို့ စီရင်ချက်အား အပြည့်အစုံထုတ်ပြန်လာခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်ကို တရားရုံးချုပ်က ပယ်ချကာ မဲရုံးပေါင်း ၁၁၀၀၀ နီးပါးက မဲရေတွက်ခြင်း မရှိသေးမီ ရလဒ်ကို ကြေညာခဲ့ခြင်း ဖြစ်ရာ တရားမဝင်ကြောင်း ဆုံးဖြတ်ခြင်း ဖြစ်သည်။

“ရလဒ်မကြေညာခင်မှာ ကော်မရှင်အနေနဲ့ အတည်ပြုနိုင်ဖို့ ကျိန်းသေအောင် လုပ်ဆောင်ခဲ့ခြင်း မရှိတာကို တွေ့ရှိရတယ်။”ဟု တရားရုံးချုပ်က ဆိုသည်။ ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေကို လိုက်နာခြင်းမရှိဘဲ ဖွဲ့စည်းပုံကိုလည်း ချိုးဖောက်သည်ဟု တရားရုံးချုပ်က ကောက်ချက်ချသည်။

သမ္မတ ကင်ယတ်တာအား အနိုင်ပေးသည့် ရွေးကောက်ပွဲရလဒ်သည် ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်း မရှိဘဲ တရားမဝင်ဟုဆိုကာ ကင်ညာ တရားရုံးချုပ်က ရက်ခြောက်ဆယ်အတွင်း သမ္မတ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် စက်တင်ဘာ ၁ ရက်က အမိန့်ချမှတ်ထားခြင်းလည်း ဖြစ်သည်။

 တရားရုံးချုပ်၏ အဆိုပါ စီရင်ချက်နောက်တွင် ကင်ယတ်တာနှင့် အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါတို့အကြား  သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကို အောက်တိုဘာ ၁၇ ရက်တွင် ပြန်လည်ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည်။

“ခုလို ရွေးကောက်ပွဲကို ပြန်ကျင်းပခိုင်းတာကို ကျွန်တော် လုံးလုံး သဘောမကျပေမယ့်လည်း လက်ခံတယ်။ ဖွဲ့စည်းပုံကို ကိုင်စွဲထားသူကို ဖယ်ရှားပစ်လို့ မရပါဘူး။”ဟု ကင်ယတ်တာက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly