ဒူတာတေးအား ဆန့်ကျင်သူနှင့် ထောက်ခံသူများ လမ်းများပေါ် တန်ပြန်ဆန္ဒပြ

By AFP
22 September 2017
ဒူတာတေးအား ဆန့်ကျင်သူနှင့် ထောက်ခံသူများ လမ်းများပေါ် တန်ပြန်ဆန္ဒပြ

 

မနီလာ၊ စက်တင်ဘာ ၂၂ ။          ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ အသေအကြေများပြားသော မူးယစ်ဆေးဝါး စစ်ပွဲနှင့် မာရှယ်လော ပြဌာန်းမည် ခြိမ်းခြောက်မှုများအပေါ် နိုင်ငံအနှံ့   ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပွားပြီး ဆန့်ကျင်ကန့်ကွက်သူများနှင့် ထောက်ခံသူများ ထောင်ပေါင်းများစွာက စက်တင်ဘာ ၂၁ ရက်တွင် လမ်းများပေါ် တန်ပြန်ဆန္ဒပြကြသည်။

မနီလာမြို့အနှံ့ ဒူတာတေးအား ဆန့်ကျင်သည့် လူစုရုံးဆန္ဒပြမှုများ များစွာဖြစ်ပွားရာတွင် အင်အား ၈၀၀၀ အနည်းဆုံးရှိပြီး ရဲက ထိန်းသိမ်းနေရသည်။ ဆန္ဒပြသူများက အာဏာရှင်ဟောင်း မားကို့စ်က မာရှယ်လောပြဌာန်းအုပ်ချုပ်သွားသည့် ၄၅ နှစ်မြောက် နှစ်ပတ်လည်တွင် ဒူတာတေးကလည်း အလားတူ အာဏာရှင်ဆန်နေသည်ဟု ဆိုကြသည်။

“ကျွန်တော်တို့ တိုင်းပြည်က သုသာန်တစပြင် ဖြစ်နေပါပြီ။ လူတွေ နေတိုင်း အသတ်ခံနေရတယ်။ အလောင်းတွေကို နေ့စဉ် မြုပ်နှံနေရတယ်။”ဟု ဒူတာတေးဆန့်ကျင်သော ဆန္ဒပြခေါင်းဆောင် ပီဒရိုဂွန်ဇာလီက အေအက်ဖ်ပီသို့ ပြောသည်။

သို့သော ဒူတာတေးကို ထောက်ခံသူများကလည်း တန်ပြန်ဆန္ဒပြရာတွင် အင်အားများစွာ ပါပြီး ဖိလစ်ပိုင်ပြည်သူအများစုက ဒူတာတေးကို သြဇာတိက္ကမနှင့် ပြည့်စုံသူဟု ရှုမြင်ပြီး ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှုများကို နှိမ်နင်းနိုင်သူဖြစ်ကြောင်း ခံယူထားကြသည်။

ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် ဒူတာတေးက မူးယစ်ဆေးဝါးရောင်းဝယ်ကုန်ကူးသူနှင့် သုံးစွဲသူ တစ်သိန်းကျော်အထိ သုတ်သင်ပြီး တရားမဝင်မူးယစ်ဆေးဝါးများကို အမြစ်ဖြုတ်သွားမည်ဟု ကြွေးကြော်ထားခဲ့ခြင်း ဖြစ်သည်။

၎င်း သမ္မတတာဝန် ယူပြီး ၁၅ လအတွင်း မူးယစ်နှိမ်နင်းရေးစစ်ဆင်ရေးများတွင် လူပေါင်း ၃၈၀၀ ကျော်ကို သုတ်သင်ခဲ့ရကြောင်း ရဲက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required