ကင်ဆာကာကွယ်နိုင်မယ့် သရက်သီး

ကင်ဆာကာကွယ်နိုင်မယ့် သရက်သီး

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ဆိုတဲ့ သရက်သီးတစ်မျိုးကို ထိုင်းနိုင်ငံမြောက်ပိုင်း Nare-suan တက္ကသိုလ်မှ သုတေသီတွေက မျိုးစပ်ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒီသုတေသနကို ထိုင်းနိုင်ငံမှ Royal Golden Jubilee PhD Programme ရဲ့ ထိုင်းသုတေသနရန်ပုံငွေအဖွဲ့က ငွေကြေးထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

၎င်းတက္ကသိုလ်က ချိုင်းမွှေးကိုပါ ဖယ်ရှားနိုင်မယ့် ချွေးနံ့ပျောက်ဆေး roll-on တစ်မျိုးကိုလည်း အမျိုးသမီးတွေအတွက် ထုတ်လုပ်ခဲ့ြ့ပီးဖြစ်ပါတယ်။

အထူးစီမံပြုပြင်ထားတဲ့ Mahachanok သရက်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့  အန်သိုဆိုင်ရာနင်(Anthocyanin) နဲ့ ကာရိုတီးနွိုက်(Carotenoid) တို့တိုးမြှင့် ထည့်သွင်းထားတယ်လို့ စိုက်ပျိုးရေး၊ သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ Peerasak Chaiprasart က ပြောပါတယ်။

အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ရှိတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတတ်တဲ့ ကာရိုတီးနွိုက်ဓာတ်ဟာ ကိုယ်ခံအားကို ကောင်းစေပြီး ကင်ဆာရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကို လျော့နည်းစေတဲ့အပြင် နှလုံးရောဂါ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့မြင်လွှာပျက်စီးမှုနဲ့ အတွင်းတိမ်တို့ကို ကာကွယ်ပေးပါတယ်။

အနီရောင်၊ ခရမ်းရောင်နဲ့ အပြာရောင်တို့မှာပါတဲ့ အန်သိုဆိုင်ရာနင်ဓာတ်ဟာ ဆဲလ်တွေယိုယွင်းပျက်စီးမှုကို နှေးကွေးစေပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်းဖြစ်နိုင်တဲ့အန္တရာယ်ကို လျော့နည်းစေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်အတွင်းက ရောဂါဖြစ်စေတဲ့အဏုဇီဝပိုးမွှားတွေကို သေစေနိုင်ပါတယ်။

ထိုင်းသရက်မျိုး Nang Klang Wan နဲ့ သြစတြေးလျ သရက်မျိုး Sunset တို့ကို မျိုးစပ်ထားတာဖြစ်တဲ့ Mahachanok သရက်ဟာ methyl jasmonate ဒြပ်ပေါင်းကို ပေါင်းစပ်ထည့်သွင်းထားတာကြောင့် ဗီတာမင် စီ၊ ဂလူးကို့စ်၊ ဖရတ်တို့စ်၊ ဆူးခရို့စ်နဲ့ ကာရိုတီးနွိုက် ပမာဏကို တိုးမြှင့်စေတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

Methyl jasmonate နဲ့ ethephon တို့ နှစ်မျိုးလုံးဟာ ဘေးဥပါဒ်ကင်းပြီး ကြွင်းကျန်မှုမရှိနိုင်တဲ့အပြင် ကာရိုတီးနွိုက်ပမာဏကို ၅၀ ရာခိုင်နှုန်းလောက် တိုးစေနိုင်ပါတယ်။

တက္ကသိုလ်အနေနဲ့ ဒီပရောဂျက်ကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး Mahachanok သရက်တွေကို ပုံမှန်စိုက်ပျိုးရာသီဖြစ်တဲ့ ဧပြီ-ဇွန်ကာလမှာ စိုက်ပျိုးနိုင်တော့မှာဖြစ်တယ်လို့ ဒေါက်တာ Peerasak က ပြောပါတယ်။

Waan-Ma-Haa-Mek အပင် (Curcuma aeruginosa Roxb) ကိုအသုံးပြုထားတဲ့ အမွှေးအမှင်လျော့နည်းစေတဲ့ roll-on ကို တက္ကသိုလ်ရဲ့ ဆေးဖက်ဝင်နည်းပညာသုတေသနစင်တာမှာ ထုတ်လုပ်ဖန်တီးခဲ့တာပါ။

ဒီနည်းပညာကို ၎င်းတို့က မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ Siam Nawat Co ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly