မော်ဒန်တိုက်စစ်သမားတစ်ဦးရဲ့ အခန်းကဏ္ဍဟာ ဂိုးတွေ သွင်းနေရုံထက် ပိုမိုသာလွန်ကြောင်း ဘန်ဇီမာ ပြော

မော်ဒန်တိုက်စစ်သမားတစ်ဦးရဲ့ အခန်းကဏ္ဍဟာ ဂိုးတွေ သွင်းနေရုံထက် ပိုမိုသာလွန်ကြောင်း ဘန်ဇီမာ ပြော
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ဒီရာသီမှာ ၎င်းရဲ့ သွင်းဂိုးတွေ နည်းပါးမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများကို ခုခံပြောဆိုသွားခဲ့ပြီး ခေတ်သစ်တိုက်စစ်မှူးတစ်ဦးရဲ့ အခန်းကဏ္ဍဟာ ဂိုးတွေ သွင်းနေရုံထက် ပိုမိုသာလွန်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်ပရိသတ်အချို့ဟာ လက်ရှိမှာ ၃၇၁ ပွဲကစား စုစုပေါင်း ၁၈၁ ဂိုးယူထားတဲ့ ပြင်သစ်ကစားသမားထံမှ သွင်းဂိုး အများအပြား မြင်တွေ့လိုနေပါတယ်။

"သွင်းဂိုးတွေ နည်းပါးမှုလား? ခင်ဗျာဟာ ဘောလုံးကို ဘယ်လိုမြင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကျနော့်အတွက်ကတော့ ခေတ်သစ်တိုက်စစ်သမားတစ်ယောက်ဟာ ဂိုးတွေ သွင်းနေဖို့ပဲ မဟုတ်ပါဘူး။ သူဟာ ပွဲမှာ ပူးပေါင်းပါဝင်သင့်ပြီး အခြားသူတွေအတွက် နေရာလွတ်တွေ ပေးပြီး ဂိုးတွေ ဖန်တီးပေးသင့်ပါတယ်။"လို့ ဘန်ဇီမာက ရီးယဲလ်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘန်ဇီမာဟာ ၂၀၂၁ ခုနှစ်အထိ လေးနှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီခဲ့ပြီး စာချုပ်သစ်အရ သူဟာ တစ်နှစ်လစာငွေ ယူရို ၇.၅ သန်းရရှိမှာဖြစ်ပါတယ်။ အခြားအသင်းများအနေဖြင့် ၎င်းအား ခေါ်ယူလိုပါက လျော်ကြေးငွေ ယူရို ၁ ဘီလီယံ ပေးချေရမှာဆိုတဲ့  အချက်ကိုလည်း စာချုပ်သစ်မှာ ထည့်သွင်းချုပ်ဆိုထားပါတယ်။

"ဟုတ်ပါတယ်။ ကျနော် ဂိုးတွေ ပိုပြီး သွင်းလိုပါတယ်။ ဒါဟာ အသင်းအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် တခြားအရာတွေ လုပ်ဆောင်ဖို့လည်း ရှိပါတယ်။ ကျနော်က အသင်းအကြောင်းပဲ စဉ်းစားတယ်။ ကျနော် ဂိုးရှေ့မှာ ဂိုးပိုမို သွင်းယူဖို့ အလုပ်ကြိုးစားနေပါတယ်။ ဒါပေမယ့် လက်ရှိတိုက်စစ်သမားတစ်ဦးဟာ အခြားဆက်နွယ်နေတဲ့ အရာတွေဖြစ်တဲ့ ဘောလုံးပေးပို့တာ၊ ရွှေ့လျားတာနှင့် နေရာလွတ်တွေ ဖန်တီးပေးတာတွေကို လုပ်ဆောင်ရပါမယ်။"လို့ သူက ပြောပါတယ်။

သူက ဝေဖန်မှုများနှင့် ပတ်သက်လို့"အဲဒါက ကျနော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ ဝေဖန်မှုတွေရှိလာပြီဆိုရင် ဒါက ခင်ဗျာကို အမြင့်ဆုံးအဆင့်အထိ ခေါ်ဆောင်သွားမှာပါ။ ဒါက ဘယ်လိုရှိတယ်ဆို ကျနော် သိပါတယ်။ ရီးယဲလ်အသင်းမှာ ဝေဖန်မှုတွေ အများကြီး ရှိပြီး ဒါက ကောင်းပါတယ်။ ကျနော် ဒီနေရာမှာ အလုပ်လုပ်ဖို့ပါပဲ။ လူတွေက ဝေဖန်လာတဲ့အခါ သူတို့က ကျနော့်ဆီကနေ အများကြီး မျှော်လင့်နေလို့ပဲ ဖြစ်ပါတယ်။"လို့ ဆက်ပြောပါတယ်။

ရီးယဲလ်အသင်းဟာ နည်းပြဇီဒန်းကို စာချုပ်သစ်ချုပ်ဆိုထားသလို အစ္စကို၊ မာဆယ်လိုနှင့် ကာဗာဂျယ်တို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုထားပါတယ်။ ဘန်ဇီမာမှာ ယခုနှစ်မှာ ရီးယဲလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုတဲ့ လေးယောက်မြောက် ကစားသမားဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်က လိုင်ယွန်မှ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ ဘန်ဇီမာက စပိန်ကလပ်အသင်းနှင့် သူရဲ့ ပထမရာသီဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဘက်တစ်ကို ရှုံးနိမ့်ခဲ့တာနှင့် ပတ်သက်လို့ "အစပိုင်းဟာ မကောင်းမွန်ခဲ့ပါဘူး။ ဒါဟာ အသင်းကြီးအာလုံးမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကျနော့်အသင်းကို ယုံကြည်တယ်။ ကျနော်တို့ဟာ ကောင်းမွန်ပြီး အတူတကွ အလုပ်လုပ်နေပါတယ်။ ဒါက အစအဦးပဲရှိပါသေးတယ်။ ကျနော်တို့ဟာ ဘာစီလိုနာနဲ့ ၇ မှတ်ပြတ်နေပေမယ့် ကျနော်တို့ စည်းလုံးမှု ရှိတယ်။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ ဆုဖလား အများကြီး ဆွတ်ခူးခဲ့ပြီး ကျနော်တို့ဟာ ရီးယဲလ်မက်ဒရစ်အသင်းဖြစ်ပါတယ်။ ကျနော်တို့ လာမယ့်ပွဲမှာ အမှားတွေ ပြင်ဆင်သွားပါလိမ့်မယ်"လို့ သူက ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိဘန်ဇီမာဟာ ပွဲပေါင်း ၃၇၁ ပွဲ ကစားထားပြီး ၁၈၁ ဂိုးသွင်းယူပေးထားပါတယ်။ ရီးယဲလ်မှာ ချန်ပီယံလိဂ်ဖလား ၃ လုံးနှင့် လာလီဂါဖလား ၂ လုံးအပါအဝင် ဆုဖလားပေါင်း ၁၄ ခု အထိ ရရှိထားပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required