လုလုအောင်ကြော်ငြာတဲ့ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကား အောက်တိုဘာလတွင် ရုံတင်တော့မည်

လုလုအောင်ကြော်ငြာတဲ့ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကား အောက်တိုဘာလတွင် ရုံတင်တော့မည်

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ။            ။ မော်ဒယ်လုလုအောင်က ကျောပေါ်တွင် စာရေးသားကာ ကြော်ငြာပေးခဲ့တဲ့ မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားကြီးကို အောက်တိုဘာလထဲတွင်   မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသတော့မည် ဖြစ်သည်။

မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကို ဝတ္ထု ခူးခူး ၊ ဇာတ်ညွှန်း အင်ကြင်းဟန်နှင့် မြင့်ဦးဦးမြင့် တို့က ရေးသားထားပြီး  ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးပုံဖော်ပြီး သူထူးစံ ၊ မြင့်မြတ် ၊ ထွန်းထွန်း ၊ ဖြိုးငွေစိုး ၊ ရွှေမှုံရတီ ၊ မေမြင့်မိုရ် တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။

ထို ရုပ်ရှင်ဇာတ်ကား သည် ၂၀၁၆ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး ရုပ်ရှင်အသံဆု ရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး Myanmar Media 7 ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။

ဇာတ်လမ်းအကျဉ်းမှာ ချစ်သူကောင်မလေးအတွက် အသက်ပေးကာကွယ်ရန် အသင့်ရှိသူ ဒီသောင် အဖြစ် မြင့်မြတ် ၊ သစ္စာရှိ စစ်သူကြီး ဝတ္တကျော် အဖြစ် ထွန်းထွန်း ၊ ချစ်သူအပေါ် အချစ်ကြီးသူ ဂျွိုက်စ် အဖြစ် ရွှေမှုန်ရတီ ၊ ဝစ္စေရ ဘုရင် အဖြစ် သူထူးစံ ၊ သက္ကတ အဖြစ် ဖြိုးငွေစိုး ၊ ဟရိမာန် အဖြစ် မေမြင့်မိုရ် တို့က ပါဝင် သရုပ်ဆောင်ထားကြသည်။

မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကား သည် ရာဇဝင်ခေတ် နှင့် ယခုခေတ်ကို ချိတ်ဆက် ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကား ဖြစ်ပြီး ယင်းဇာတ်ကား၏ အသံ ၊ ကာလာ ၊ 3D Annimation အပိုင်းကို ထိုင်းနိုင်ငံရှိ Kantana JK ကုမ္ပဏီတွင် သွားရောက် လုပ်ဆောင် ထားသည်။

ထို ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့ရှိ အင်းယားကန်ဘောင်၊ ရန်ကုန်တက္ကသိုလ်နယ်မြေ၊ သာကေတ မြို့နယ် နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဇာတ်ဝင်ခန်း အချို့ရိုက်ကူး ခဲ့ပြီး ခေတ်ဟောင်း ကာလ ဇာတ်ဝင်ခန်းများကို တောင်ငူ ဆင်စခန်းတွင် ဆင်အကောင်ရေ (၆၆) ကောင် ဖြင့် ရိုက်ကူးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly