ပခုက္ကူမြို့ရှိ စားသုံးဆီအ​ရောင်​းဆိုင်​များနှင့် စက်ရုံများအား FDA မှ ရှောင်တခင်စစ်ဆေး

ပခုက္ကူမြို့ရှိ စားသုံးဆီအ​ရောင်​းဆိုင်​များနှင့် စက်ရုံများအား FDA မှ ရှောင်တခင်စစ်ဆေး

ပခုက္ကူ၊စက်တင်ဘာ ၂၁  ။            ။ ပခုက္ကူမြို့တွင် ထုတ်လုပ်ရောင်းချနေသည့် စားသုံးဆီဆိုင်များနှင့် စက်ရုံများအား စက်တင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းက နေပြည်တော် FDA မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။

“စားဆီနဲ့ပတ်သက်ပြီး အစားအသောက်ကွင်းဆက်တလျှောက်လုံး ဆီထွက်သီးနှံရဲ့ စိုက်ခင်းထဲက စလို့ နောက်ဆုံး ဆီဖြစ်သွားတဲ့အထိ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ အရည်အသွေးထိန်းသိမ်းရေး အဲ့ဒီအတွက်ကို ကွင်းဆင်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်” နေပြည်တော် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဒေါက်တာ ကျော်ရဲပိုင်က မဇ္ဈိမ သို့ပြောသည်။

လက်ရှိစားသုံးဆီများအား စစ်ဆေးသည့် စီမံချက်သည် စားသုံးဆီအများဆုံးထွက်သည့် မကွေးတိုင်းဒေသကြီး အတွင်း ပထမဆုံးလာရောက်ပြုလုပ်ခြင်းဖြစ်သည်ဟု သိရပြီး ပခုက္ကူခရိုင် FDA နှင့် စားသုံးသူရေးရာ ဦးစီးဌာန DOCA တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စားသုံးဆီများအတွင်း မှိုဆိပ်ပါဝင်မှုအား စစ်ဆေးခြင်းနှင့် အစားအသောက်ကွင်းဆက်များထိန်းသိမ်းခြင်းအား အဓိက စစ်ဆေးခြင်းဖြစ်သည်ဟု သိရသည်။

“စားဆီနဲ့ပတ်သက်ပြီး ပြသနာရှိတာက ဆီထဲ မှိုဆိပ်ပါလာတွေပါ။ဆီဖြစ်သွားတော့မှ မှိုဆိပ်ပါလာရင် စက်ရုံတွေလည်းဘာမှလုပ်လို့မရဘူး။ကျွန်တော်တို့ကလည်း စက်ရုံတွေနဲ့ဘဲ စကားပြောရတော့မယ်။မှိုဆိပ်မပါအောင် စပြီးစိုက်ပျိုးတဲ့အချိန်ကနေ ရိတ်သိမ်းတဲ့အချိန်၊ပွဲရုံတွေမှာ သိုလှောင်တဲ့အချိန် ဆီကြိတ်တဲ့အချိန်အထိ အစားအသောက်ကွင်းဆက်တစ်လျှောက်လုံး လာရောက်စစ်ဆေးခြင်းဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် ပခုက္ကူမြို့အတွင်း ရောင်းချနေသည့် စားသုံးဆီ အရောင်းဆိုင်များနှင့် ပခုက္ကူစက်မှုဇုံရှိ စားသုံးဆီထုတ်လုပ်သည့် စက်ရုံများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ရွေ့လျားဓာတ်ခွဲခန်း ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စားသုံးသူပြည်သူများ အစားအသောက်ဘေးကင်းလုံခြုံရးအတွက် မကွေးတိုင်းအတွင်း မြို့(၅)မြို့ဖြစ်သော မကွေး၊ ပွင့်ဖြူ ၊ အောင်လံ ၊ ရေနံချောင်း ၊ ပခုက္ကူ မြို့များ၌ ပထဆုံးအကြိမ် ရှေ့ပြေး Pilot Project တစ်ခုကို နေပြည်တော် FDA မှ အကောင်အထည်ဖော်နေပြီး စက်ရုံများ၊ဈေးများတွင် ကုန်ပစ္စည်းများဝယ်ယူခြင်း ၊ ရွေ့လျားဓါတ်ခွဲခန်းယာဉ်ဖြင့် လက်တွေ့စမ်းသပ်အဖြေရှာခြင်းများ၊စစ်ဆေးခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က မကွေးမြို့ရှိ ဆီစက်(၃)ခု ၊ဆီထွက်သီးနှံသိုလှောင်ရုံ(၃)ရုံ နှင့် စက်တင်ဘာလ ၁၇ ရက်နေ့က မြို့မဈေး ၊ ရန်ပယ်ဈေးများတွင် စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly