လက်ရှိသုံးနေတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေက သင်နဲ့အဆင်ပြေရဲ့လား

လက်ရှိသုံးနေတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေက သင်နဲ့အဆင်ပြေရဲ့လား

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

လက်ရှိသုံးနေတဲ့အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကသင်နဲ့အဆင်ပြေရဲ့လားလို့တခါတရံတွေးကောင်းတွေးမိမှာပါ။တချို့အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုသုံးလိုက်ကာမှပိုဆိုးသွားတာမျိုးတွေ ဖြစ်လာမလား။ဒါပေမယ့်သင့်အနေနဲ့အလှကုန်ပစ္စည်းတခုကိုသုံးစွဲတဲ့အခါဒီပစ္စည်းရဲ့ရည်ရွယ်ချက်ကိုသိရှိနားလည်ရမှာဖြစ်ပြီးဘာလို့သင်မျှော်လင့်ထားသလိုအာနိသင်မပြတာလဲဆိုတာကိုလည်းသိရှိဖို့အလွန်အရေးကြီးပါတယ်။

ဖြစ်နိုင်တဲ့အကျိုးအာနိသင်နဲ့မဖြစ်နိုင်တဲ့အကျိုးအာနိသင်တွေကိုခွဲခြားနားလည်ထားဖို့လိုပါလိမ့်မယ်။သင်လိုချင်တဲ့ရလာဒ်အတိအကျကိုကြိုတင်သတ်မှတ်ထားဖို့ကလည်းအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့လက်တွေ့နဲ့မကိုက်ညီတဲ့ ဖြစ်ချင်ဇောဆန္ဒဟာငွေကုန်လူပန်းဖြစ်တာပဲအဖတ်တင်ပြီးဘာအကျိုးမှထူးလာမှာမဟုတ်လို့ပါပဲ။အကောင်းဆုံးသောနည်းကတော့ ဖြစ်နိုင်ချေရှိတဲ့(ဝါ)လက်တွေ့ကျတဲ့ပန်းတိုင်ရည်မှန်းချက်ကိုသတ်မှတ်ပြီးသင့်တော်တဲ့အသားအရေထိန်းသိမ်းနည်းကိုပုံမှန်ပြုလုပ်သွားတာပဲ ဖြစ်ပါတယ်။သင်လက်ရှိသုံးနေတဲ့အသားအရေထိန်းသိမ်းတဲ့အလှကုန်တွေဟာဘယ်လောက်များအကျိုးရှိထိရောက်မလဲဆိုတာအောက်ဖော်ပြပါအချက်လေးတွေနဲ့ချိန်ထိုးပြီးကြည့်လိုက်ပါဦး။

ကြော်အောင်ညာတဲ့ ကြော်ငြာတွေပြောသမျှမယုံပါနဲ့။

ကြော်ငြာတွေဟာ မကြာခဏဆိုသလိုမဖြစ်နိုင်တာတွေ၊ မှားယွင်းတဲ့အချက်တွေနဲ့လှည့်ဖျားပြီးကြော်ငြာလေ့ရှိပါတယ်။ ဥပမာတံဆိပ်တခုဆိုရင်အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်တယ်ဆိုတဲ့အရေပြားအစိုဓာတ်ထိန်းပစ္စည်း (moisturizer) ကိုကြော်ငြာပါတယ်။ ဒါပေမယ့်အဆိုပါ ပစ္စည်းမှာနေလောင်ဒါဏ်ကို ကာကွယ်ပေးနိုင်တဲ့အရာ (ဒါမှမဟုတ် SPF 30) လုံးဝပါမလာပါဘူး။ဒီနေရာမှာသိထားသင့်တာကသင့်အနေနဲ့ SPF 30 ဒါမှမဟုတ်ဒီ့ထက်များများပါတဲ့နေလောင်ခံခရင်မ်ကို (ဘယ်လိုရာသီဥတုအခြေအနေမှာပဲ ဖြစ်ဖြစ်) မသုံးစွဲဖူးဆိုရင်အိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာတွေပျောက်သွားစရာဘာအကြောင်းမှမရှိတဲ့အပြင်ပိုလို့တောင်ဆိုးသွားဦးမယ်ဆိုတာပါပဲ။
အာဟာရတမျိုးတည်းစားပြီးဒါမှမဟုတ်အလှကုန်တမျိုးတည်းသုံးပြီးအံ့ဩဘနန်းအကျိုးရလာဒ်တွေကိုမမျှော်လင့်ပါနဲ့။

တမျိုးတည်းနဲ့အားလုံးပြီးပြည့်စုံအောင်လုပ်ပေးနိုင်မယ့်အာဟာရဓာတ်ဒါမှမဟုတ်အလှကုန်ပစ္စည်းရယ်လို့မရှိတာတော့အမှန်ပါပဲ။ကျန်းမာလှပတဲ့အသားအရေကိုရရှိဖို့ဆိုရင်အာဟာရပြည့်ဝတဲ့အစားအစာအမျိုးမျိုးကိုစားပြီးမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်အများအပြားကို ဖြည့်တင်းပေးဖို့လိုပါလိမ့်မယ်။သင့်အရေပြားလိုအပ်သမျှအရာအားလုံးကိုပစ္စည်းတမျိုးတည်းကနေရဖို့ကတော့မဖြစ်နိုင်ပါဘူး။သင့်အသားအရေကိုအမှန်တကယ်ပိုမိုကောင်းမွန်လာစေဖို့အတွက်ဆိုရင်အရေပြားအတွက်လိုအပ်တဲ့အာဟာရဓာတ်များစွာကိုပေးစွမ်းနိုင်တဲ့အလှကုန်ပစ္စည်းအမျိုးမျိုးကိုသင့်တော်သလိုပူးတွဲသုံးစွဲဖို့လိုအပ်ပါလိမ့်မယ်။
အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတခုခုကိုအသုံးမပြုခင်အသေအချာစဉ်းစားပါ။

ပုံမှန်အသားအရေထိန်းသိမ်းမှုပြုလုပ်သူတိုင်းဟာလိုချင်တဲ့၊မျှော်လင့်တဲ့ရလာဒ်အတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။နည်းလမ်းတခုနဲ့တခုဟာလည်းအကျိုးသက်ရောက်ပုံမတူညီပါဘူး။အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေဟာသင့်ရဲ့အရေပြားပြဿနာတွေကိုကူညီဖြေရှင်းပေးပြီးလိုအပ်တဲ့အာဟာရဓာတ်တွေကိုထောက်ပံ့ပေးကာနေလောင်ဒါဏ်ကလည်းကာကွယ်ပေးပါလိမ့်မယ်။ဒါ့အပြင်မတူညီတဲ့အသားအရေထိန်းသိမ်းမှုနည်းစနစ်တွေကတဆင့်အရေပြားအစိုဓာတ်ထိန်းပေးခြင်း၊အိုမင်းရင့်ရော်မှုကိုလျှော့ချပေးခြင်းဒါမှမဟုတ်အသားဖြူလာခြင်းစတဲ့အကျိုးအာနိသင်တွေကိုလည်းပေးစွမ်းနိုင်ပါသေးတယ်။

အသားအရေထိန်းသိမ်းမှုကိုပုံမှန်ပြုလုပ်ပေးပါ။

အကောင်းဆုံးအာနိသင်နဲ့ရလာဒ်ကိုရရှိနိုင်ဖို့အတွက်သင့်အနေနဲ့အသားအရေထိန်းသိမ်းမှုကိုပုံမှန်ပြုလုပ်ပေးဖို့လိုပါလိမ့်မယ်။တချို့အလှကုန်တွေကတနေ့ကိုနှစ်ခါအသုံးပြုဖို့လိုမှာဖြစ်ပေမယ့်တချို့ကျပြန်တော့တနေ့တခါသုံးစွဲဖို့ပဲလိုတာမျိုးတွေလည်းရှိပါတယ်။မျက်နှာသန့်စင်ရည်၊နှင်းဆီပွင့်ဖတ်တွေကတဆင့်ထုတ်လုပ်ထားတဲ့ rose water နဲ့အစိုဓာတ်ထိန်းပေးပြီးမွေးညင်းပေါက်တွေကိုကျဉ်းစေနိုင်တဲ့ serum အရည်စတဲ့အလှကုန်တွေဟာတနေ့ကိုနှစ်ကြိမ်လောက်အသုံးပြုရလေ့ရှိပြီးနေလောင်ခံခရင်မ်၊အစိုဓာတ်ထိန်းညလိမ်းခရင်မ်နဲ့ဂျီးချွတ်ပေးနိုင်တဲ့ခရင်မ်တွေကိုတော့တနေ့တခါအသုံးပြုရင်လုံလောက်ပါပြီ။

အခုရေတွင်းတူးအခုရေကြည်မသောက်ချင်ပါနဲ့။

နေလောင်ဒါဏ်တွေနဲ့အရေးအကြောင်းတွေကိုပျောက်ကင်းအောင်ကုဖို့အချိန်အတိုင်းအတာတခုတော့လိုပါလိမ့်မယ်။ဒါကြောင့်ညတွင်းချင်းကြီးအစွမ်းတွေပြဖို့တော့မမျှော်လင့်ပါနဲ့။နေ့ချင်းညချင်းအစွမ်းပြတဲ့တချို့သောအလှကုန်ပစ္စည်းတွေ (ဥပမာ AHA ဒါမှမဟုတ် BHA တို့လိုဂျီးချွတ်ပေးတဲ့ခရင်မ်တွေ) ရှိပေမယ့်လည်းယေဘုယျအားဖြင့်အလှကုန်ပစ္စည်းတိုင်းဟာအာနိသင်ပြဖို့အချိန်အနည်းငယ်တော့လိုမှာဖြစ်ပါတယ်။

အရမ်းပြင်းလွန်းတဲ့ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ဒါမှမဟုတ်အရေပြားကိုထိခိုက်စေတဲ့အလှကုန်ပစ္စည်းတံဆိပ်တွေကိုရှောင်ပါ။

အသားအရေထိန်းသိမ်းရာမှာအသုံးပြုတဲ့ပစ္စည်းတွေအနေနဲ့နူးညံ့ပြီးအသားအရေကိုမထိခိုက်စေဖို့ကအရေးအကြီးဆုံး ဖြစ်ပါတယ်။တကယ်လို့သင်အသုံးပြုနေတဲ့တံဆိပ်ဟာသင့်အရေပြားနဲ့မတည့်ဘူးဒါမှမဟုတ်သင့်ပတ်ဝန်းကျင်အနေအထားနဲ့မသင့်တော်ဖူးလို့ယူဆရင်အသုံးပြုတာကိုချက်ချင်းရပ်ပါ။ဘာလို့လဲဆိုတော့ဒီလိုမျိုးပစ္စည်းတွေဟာကောင်းကျိုးထက်ဆိုးကျိုးကိုသာပိုဖြစ်စေလို့ပါပဲ (အရေပြားမူလအတိုင်း ပြန်ကောင်းမှာ၊အသစ်ဖြစ်လာမှာကိုတားဆီးပါလိမ့်မယ်)။ဒါ့အပြင်သင့်အနေနဲ့အရေပြားကိုထိခိုက်စေတဲ့ပါဝင်ပစ္စည်းတွေကိုလည်းရှောင်ကြဉ်ရပါမယ်။အလှကုန်တွေကိုမသုံးစွဲခင်မှာသတိကြီးစွာထားပြီးရွေးချယ်ပါ။ဘာလို့လဲဆိုတော့မှားယွင်းရွေးချယ်လိုက်မိတဲ့အလှကုန်တွေဟာသင့်ရဲ့မူလအလှအပတွေကိုတောင်ဖျက်ဆီးပစ်နိုင်လို့ ဖြစ်ပါတယ်။

တကယ်လို့အရေပြားပြဿနာတွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုရင်သင့်အနေနဲ့အရေပြားဆရာဝန်ဆီသွားရောက်ပြသတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly