ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်သံက ခွေးဟောင်သလိုပဲဟု မြောက်ကိုရီးယား တုံ့ပြန်

By AFP
21 September 2017
ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်သံက ခွေးဟောင်သလိုပဲဟု မြောက်ကိုရီးယား တုံ့ပြန်

ပြုံယမ်း၊ စက်တင်ဘာ ၂၁ ။            ။ မြောက်ကိုရီးယားနိုင်ငံကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ဟိန်းဟောက်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခြောက်လှန့်သံဟာ ခွေးဟောင်နေတဲ့ အတိုင်းပဲလို့ ပြုံယမ်း နိုင်ငံခြားရေးဝန်ကြီးက ပစ်ပစ်နှစ်နှစ် တုံ့ပြန်လိုက်ပြီး ခြိမ်းလားခြောက်လား လုပ်ပြီး မြောက်ကိုရီးယားကို တွန့်ဆုတ်စေမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

စက်တင်ဘာ ၁၉ ရက်က ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ထရမ့်က သူ့ရဲ့ ဗွေဆော်ဦးမိန့်ခွန်း ပြောရာမှာ အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်တယ်ဆိုရင်တော့ ဝါရှင်တန်က ပြုံယမ်းကို လုံးဝဖျက်ဆီးခြေမွပစ်မယ်လို့ ကြိမ်းဝါး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြုံယမ်းရဲ့ လက်နက်စီမံကိန်းတွေ ရှေ့တိုးလုပ်ဆောင်နေလို့ တင်းမာမှုတွေ လအတန်ကြာ မြင့်တက်နေချိန်မှာ ထရမ့်က ရန်စွယ်နဲ့ ငေါငေါ အခု မိန့်ခွန်းကို ပြောလိုက်တာပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့က ၎င်းရဲ့ ခြောက်ကြိမ်မြောက်နဲ့ အကြီးဆုံး နျူကလီးယားစမ်းသပ်မှုရယ်၊ ဂျပန်ပေါ်ကနေ ဖြတ်ပြီး ဒုံးကျည်ပစ်လွှတ်တာတွေကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ခတ်ပိတ်ဆို့ကြတာကိုလည်း အာခံနေဆဲပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အစည်းအဝေးတွေ တက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယွန်ဟိုကို သတင်းထောက်တွေက ထရမ့်မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဝိုင်းအုံမေးကြရာမှာ အထက်ကအတိုင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၀ ရက်က ရီယွန်ဟိုဟာ သူတည်းနေတဲ့ ဟိုတယ်ထဲအဝင်မှာ “ခွေးတွေ ဟောင်နေတဲ့ အတိုင်းပါပဲ။”လို့ သတင်းထောက်တွေကို ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

“ခွေးဟောင်သလိုမျိုးနဲ့ ကျွန်တော်တို့ကို ကြောက်အောင် လန့်အောင် လုပ်တယ်ဆိုရင်တော့ သူတို့ဟာ ခွေးမျှော်လင့်ချက်ပဲ ရစရာ ရှိမှာပေါ့။”လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required