မုန်တိုင်းအကြွင်းအကျန်ရေကြီးမှုကြောင့် ကလေးမြို့မှ လူ ၈ထောင်နီးပါး ပြောင်းရွေ့

မုန်တိုင်းအကြွင်းအကျန်ရေကြီးမှုကြောင့် ကလေးမြို့မှ လူ ၈ထောင်နီးပါး ပြောင်းရွေ့
ဓာတ်ပုံ-စိုးထိုက်(ကလေး)

ရန်ကုန်၊စက်တင်ဘာလ၂၁ ။             ။ ကလေးမြို့ရေကြီးမှုသည် မုတ်သုံဆုတ်ခွာချိန်နှင့် မုန်တိုင်းအကြွင်းအကျန်ကြောင့် မိုးသည်းထန်ပြီးဖြစ်လာရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ   ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ဆိုသည်။

"အခုအနောက်တောင်မုတ်သုံလေက ပြန်ဆုတ်ရင် မြောက်ပိုင်းကနေဆုတ်မှာပေါ့။  ပြီးရင် အလည်ပိုင်းကိုရောက်လာမယ်။ မုန်တိုင်းရဲ့အကြွင်းအကျန်ဖြတ်သွားတာနဲ့ငြိတော့ စစ်ကိုင်းတို့ ချင်းတို့မှာရေကြီးတာပေါ့နော်။ ပြီးရင် အလည်ပိုင်းမှာ မိုးတစ်ခေါက်ရွာသွားဦးမယ်ပေါ့ ။ ထွက်သွားတဲ့လမ်းကြောင်းတစ်လျှောက်ကတော့ မိုးရွာမယ်။ ပြီးရင်မြစ်ဝကျွန်းပေါ်ရန်ကုန်ပေါ့။ ပြီးရင် တောင်ပိုင်းဆို မြန်မာတစ်ပြည်လုံးကိုဆုတ်ခွာသွားမှာ"ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ပြောသည်။

ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဒေါ့ဆူရီမုန်တိုင်းအကြွင်းအကျန်ကြောင့် ကလေးမြို့၌ ရေကြီးမှု ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၇၉၇၃)ဦး နေအိမ်မှ ပြောင်းရွှေ့ခဲ့ရသည်။

ရေစကြီးသည့် စက်တင်ဘာလ၁၉ရက်နေ့မှ ယနေ့၂၁ရက်နေ့အထိ ကလေးမြို့ရေကြီးမှုဖြစ်ရပ်ကြောင့် အိမ်ထောင်စု(၁၇၆၇)စု ပြောင်းရွေ့ခဲ့ရပြီး လူဦးရေ(၇၉၇၃)ဦးပါဝင်နေသည်။

၎င်းတို့အားလုံးသည် နီးစပ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊ သက်ဆိုင်ရာဆွေမျိုးများထံသို့ ပြောင်းရွေ့နေရခြင်း ဖြစ်သည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်   ပြန်လညန်နေရာချထားရေးဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူးဒေါက်တာဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

အဆိုပါ လူတစ်ဦးလျင် ဆန်တစ်ဘူးနူန်းဖြင့်၇ရက်စာ ဆန်ရိက္ခာ လူ/ကယ်ပြန်မှ ထောက်ပံ့ထားကြောင်းလည်း၎င်းမှ ပြောပြသည်။

ယခုကဲ့သို့ မုတ်သုံဆုတ်ခွာရာ ကာလမျိုးတွင် လျှပ်စီးလပ်ခြင်း၊ မိုးတိမ်တောင်တက်ပြီး မိုးသည်းထန်စွာရွာခြင်းတို့မှလည်း ပုံမှန်ဖြစ်သည်ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ဆိုသည်။

၎င်းမုတ်သုံဆုတ်ပြီးနောက်မိုးရွာခဲ့ပါက မုန်တိုင်းကဲ့လို့အခြေအနေရှိမှသာ မိုးရွာနိုင်မည်ဟု ဒေါ်ရီရီငြိမ်းက သုံးသပ်သည်။

ကလေးမြို့တွင်မိုးသည်ထန်စွာရွာသွန်းကာ ရေကြီးမှု စက်တင်ဘာလ၁၉ရက်နေ့မှ စတင်ခဲ့ပြီး ယခုအခါ ၃ရက်မြောက်ရှိနေပြီဖြစ်သည်။

မြစ်သာမြစ်ရေသည်  စက်တင်ဘာလ ၂၀ ရက်နေ့တိုင်းထွာချက်အရ  ကလေးမြို့တွင် စိုးရိမ်ရေအမှတ်အထက် ၄ပေ ကျော်လွန်နေပြီးဖြစ်သည်ဟု သိရသည်။

လက်ရှိ မြစ်သာမြစ်ရေသည် ကလေး မြို့တွင် ၁၂၀၃ (+၁၇၁) စင်တီမီတာ (၆ ပေခန့်) ရှိနေပြီးကလေးမြို့မိုးရေချိန်သည် ၁.၄၉ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required