အစိုးရနှင့် ချိတ်ဆက်မှုအားနည်း၍ ICRC သင်္ဘောဟန့်တားခံရဟု ဒေါက်တာဝင်းမြတ်အေး ဆို

အစိုးရနှင့် ချိတ်ဆက်မှုအားနည်း၍ ICRC သင်္ဘောဟန့်တားခံရဟု ဒေါက်တာဝင်းမြတ်အေး ဆို
Photo-သတင်းထုတ်ပြန်ရေးကော်မတီ

ရန်ကုန် ၊ စက်တင်ဘာ၂၁ ။             ။ အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်မှု အားနည်းခြင်းကြောင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့ သယ်ယူပို့ဆောင်ထောက်ပံ့ရေးသင်္ဘော ဟန့်တားခံရခြင်းဖြစ်သည်ဟု  လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

" ကြက်ခြေနီလှုပ်ရှားမှု(Red Cross Movement)မှာ ပါဝင်တဲ့ အဖွဲ့သုံးဖွဲ့ရှိတယ် ။ MRCS ၊  ICRC၊ IFRC ။ သူတို့က သဘောတူထားတဲ့ အတိုင်းကို စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရမယ်။ ဆိုလိုတာက အစိုးရနဲ့ ချိတ်ဆက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာ မဟုတ်ရင်တော့ ညကလိုမျိုး (စစ်တွေတွင် ဖြစ်ပွားခဲ့သည့် ကိစ္စကိုဆိုလိုသည်) ပြဿနာတွေ တက်နိုင်တာပေါ့နော်" ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

မောင်တောဒေသရှိ နေရပ်စွန့်ခွာသူများအား ကြက်ခြေနီလှုပ်ရှားမှုဖြင့် ကူညီသည့်ထောက်ပံ့ရေးပစ္စည်းများ သင်္ဘောပေါ် တင်ဆောင်စဉ် လူ ၅၀ဦးခန့် ရောက်ရှိလာပြီး ပစ္စည်းများကို ပြန်ချရန်နှင့် လှေမထွက်ရန် ဟန့်တားခဲ့ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ယင်းနောက် ည ၈ နာရီအချိန်တွင် လာရောက်ကြည့်ရှုသူ လူအင်အား ၃၀၀ ခန့် စုစည်းမိပြီး ခဲများ၊ မီးရှို့ထားသည့် ဓာတ်ဆီပုလင်းများဖြင့် လူအုပ်ထဲမှ ပစ်ပေါက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ဖြင့် ယင်းလူအုပ်အား ဒိုင်းများဖြင့် တွန်းထုတ်ခြင်း၊ သံဃာတော်များက လူအုပ်စု ရှင်းလင်းခြင်း၊ မီးသတ်ယာဉ်များဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သော်လည်း လူအုပ်စုထဲမှ ဂျင်ကလိဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လာခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက (၁၂)ဗို့ ဂရီနာ ၂၀ လက်ဖြင့် ပစ်ဖောက်၍ ရှင်းလင်းခဲ့ရကြောင်း ယမန်နေ့ညကထုတ်ပြန်သည့် အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို ကြက်ခြေနီလှုပ်ရှားမှုဖြင့် ဆောင်ရွက်သည့် သင်္ဘောဟန့်တားခံရသည့် ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့၌   မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် တစ်စီးကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒေသခံများက တားဆီးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ထိုကဲ့သို့သောဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း အစိုးရအနေဖြင့် ကြက်ခြေနီလှုပ်ရှားမှုကို ပီပီပြင်ပြင်ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ပြီး ထိုလုပ်ငန်းစဉ် အဆင်ပြေပါက ယမန်နေ့ညကလို တားဆီးခံရသည့် ဖြစ်စဉ်မျိုး ဖြစ်ပွားတော့မည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

"ပူးပေါင်းဆောင်ရွက်မှုက အစဆိုတော့ သူတို့ရဲ့လုပ်ဆောင်မှုက ကျကျနန ရှိသင့်တယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းရင် ဒီပြဿနာမျိုး ဖြစ်မယ်" ဟု ၎င်းကဆိုသည်။

ယမန်နေ့ညက တားဆီးခံရသည့် သင်္ဘောပေါ်တွင် မောင်တောဒေသရှိ နေရပ်စွန့်ခွာသူများအား ကူညီရန် ဆိုလာမီးအိမ်(၇၇၄)ခု၊ အမျိုးသမီးသန့်စင်ရေးသုံး (၁၃၀၀)၊ အဝတ်အစား(၆၄၀၇၁)ထည်၊ စောင်(၁၃၃၁)ထည်၊ တာပေါ်လင်(၁၂၄၀)၊ ရေပုံး (၁၄၉၄)လုံး၊ ခြင်ထောင်အလုံး(၃၀၀၀)နှင့်မီးဖိုချောင်သုံးပစ္စည်းအထုပ်(၃၀၀) ခန့်မှန်း တန်ချိန် (၅၀) ခန့် ပါရှိကြောင်း အစိုးရဘက်က သတင်းထုတ်ပြန် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required