မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူဦးရေ ၂၀၀ ကျော်အထိ ရှိလာ

By AFP
20 September 2017
မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူဦးရေ ၂၀၀ ကျော်အထိ ရှိလာ

စက်တင်ဘာ ၂၀ ။            ။ မက္ကဆီကိုနိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်က လှုပ်သွားခဲ့တဲ့ အားပြင်း မြေငလျင်ကြီးကြောင့် ယခုအခါ သေဆုံးသူဦးရေ ၂၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကြောက်မယ်ဖွယ် အဆိုပါ ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၂၁၆ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောသွားပါတယ်။

ဒါ့အပြင် ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ယင်း ငလျင်ကြောင့် မက္ကဆီကိုစီးတီးရဲ့ တောင်ပိုင်းမှာ ရှိတဲ့ အခြေခံမူလတန်းကျောင်းတစ်ကျောင်းလည်း ပြိုကျခဲ့တာကြောင့် ကျောင်းသားကလေးငယ် ၂၁ ဦးထက်မနည်း အပျက်အစီးတွေအောက်မှာ ပိမိသေဆုံးသွားခဲ့ပြီး ၃၀ ကျော်ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။

ငလျင်ကြောင့် သေဆုံးသွားခဲ့ကြရသူတွေအားလုံးအတွက် လွန်စွာ ဝမ်းနည်းကြေကွဲမိရကြောင်း မက္ကဆီကို သမ္မတ ပီနာ နီတိုက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ငလျင်လှုပ်မှုကြောင့် မြို့တော် မက္ကဆီကို စီးတီးမှာ အဆောက်အအုံ ဒါဇင်နဲ့ချီ ပြိုကျသွားခဲ့ရပါတယ်။

အဆိုပါ နိုင်ငံမှာ ယခုလို မြေငလျင်လှုပ်မှုမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိခဲ့ပြီး ယခုလအစောပိုင်းတုန်းကမှ ပြင်းအား ၈ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့မှုကြောင့် နိုင်ငံတောင်ပိုင်းမှာ လူပေါင်း ၉၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly