မြောက်ကိုရီးယားနှင့် နျူကလီးယားစစ်ပွဲဆင်နွှဲရမည်ကို ကမ္ဘာကြီးကကြောက်ရွံ့နေကြောင်း ကုလသမဂ္ဂအကြီးအကဲပြော

By AFP
20 September 2017
မြောက်ကိုရီးယားနှင့် နျူကလီးယားစစ်ပွဲဆင်နွှဲရမည်ကို ကမ္ဘာကြီးကကြောက်ရွံ့နေကြောင်း ကုလသမဂ္ဂအကြီးအကဲပြော

 

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၂၀ ။             ။ နျူကလီးယားစစ်ပွဲနှင့် ပက်သက်၍ ကမ္ဘာတစ်ဝန်းမှ ထိတ်လန့်ကြောက်ရွံ့မှုများသည် ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြောက်ကိုရီးယားအရေးအတွက် ဆွေးနွေးရန်ကျင်းပသော ကုလသမဂ္ဂအစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်ခဲ့သော အထွေထွေအစည်းအဝေးပွဲ၌ ဂူတာရက်စ်က နျူကလီးယားနှင့် ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုများကို ထပ်တလဲလဲလုပ်ဆောင်နေသော မြောက်ကိုရီးယားတို့၏ ရန်စသည့်လုပ်ရပ်များ ကြောင့် လူသန်းပေါင်းများစွာသည် ထိတ်လန့်ကြောက်ရွံ့နေကြောင်း ပြောခဲ့သည်။

“နျူကလီးယားလက်နက်တွေ အသုံးပြုခြင်းဟာ တကယ့်ကိုမတွေးဝံ့စရာပါပဲ။ စစ်အေးကာလပြီးကတည်းက နျူကလီးယားလက်နက်တွေနဲ့ ပက်သက်ပြီး လူသားတွေရဲ့ ထိတ်လန့်ကြောက်ရွံ့မှုဟာ ယနေ့အချိန်မှာ အမြင့် ဆုံး အခြေအနေကို ရောက်ရှိလာပါပြီ” ဟု နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ တက်ရောက်ခဲ့သော ကုလသမဂ္ဂအစည်းအဝေးပွဲ၌ ဂူတာရက်စ်က   ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတို့သည် ၎င်းတို့၏ ခြောက်ကြိမ်မြောက်ဖြစ်သော အင်အားအပြင်းဆုံး နျူကလီးယားလက်နက် စမ်းသပ်ခဲ့မှုနှင့် ဂျပန်နယ်နမိတ်ထဲမှ ဖြတ်ကျော်၍ ဒုံးပျံပစ်လွှတ်ခဲ့မှုတို့အတွက် ဂျပန်နှင့် တောင်ကိုရီးယားအပါ အဝင် အနောက်နိုင်ငံမဟာမိတ်များ၏ ထောက်ခံမှုကို ရရှိထားသော အမေရိကန်ပြည်ထောင်စုက ပြုံယမ်းအစိုး ရအား နိုင်ငံတကာမှ ဝိုင်းဝန်းဖိအားပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

သို့သော်လည်း မြောက်ကိုရီးယားအရေးကိစ္စကို စစ်ရေးအရလည်း အရေးယူတုံ့ပြန်သွားနိုင်သည်ဆိုသော အမေရိကန်တို့၏ ပြောဆိုချက်သည် ကြီးမားလှသော ကပ်ဘေးကြီးကို   ဖြစ်ပေါ်သွားစေနိုင်ကြောင်းနှင့် သံတမန် ရေးအရသာ ဆွေးနွေးအဖြေရှာကြရန် တရုတ်နှင့် ရုရှားနိုင်ငံတို့က သတိပေးပြောဆိုခဲ့သည်။

ဂူတာရက်စ်ကလည်း တင်းမာမှုများ မြင့်တက်လာချိန်တွင် ဒေါသထွက်လွယ်သော စကားများကို ပြောဆိုခြင်းမှ ရှောင်ရှားနိုင်ဖို့နှင့် ထိုစကားများသည် အထင်အမြင်လွဲမှားမှုများကို   ဖြစ်ပေါ်သွားစေနိုင်ကြောင်း သတိပေးခဲ့သည်။ ဒါ့အပြင် နိုင်ငံရေးအရသာ အဖြေရှာသွားသင့်ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required