မက္ကဆီကိုတွင် ငလျင်ကြီးလှုပ်ကာ လူပေါင်း ၁၄၀ နီးပါး သေဆုံး

By AFP
20 September 2017
မက္ကဆီကိုတွင် ငလျင်ကြီးလှုပ်ကာ လူပေါင်း ၁၄၀ နီးပါး သေဆုံး

 

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၂၀ ။                 ။ မက္ကဆီကိုနိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်က အင်အား ၇ ဒဿမ ၁ အဆင့်ရှိ ငလျင်ကြီးလှုပ်ရာ သေဆုံးသူပေါင်း ၁၄၀ နီးပါးရှိသည်။

၁၉၈၅ ခုနှစ်က အင်အားပြင်းငလျင်ကြီး လှုပ်ခဲ့သည့် နှစ်ပတ်လည်အချိန်တွင် ငလျင်ကာကွယ်ရေး ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိစဉ် လှုပ်သွားသည့် ယခုငလျင်တွင် မြို့တော် မက္ကဆီကိုစီးတီးရှိ အဆောက်အအုံများစွာ ပြိုလဲပျက်စီးသည်။

မြို့နေပြည်သူ သန်း ၂၀ ကျော်ရှိသော မက္ကဆီကိုစီးတီးတွင် ကယ်ဆယ်ရေးအဖွဲ့များနှင့် စေတနာ့ရှင်များက အနည်းဆုံး ပျက်စီးပြိုကျသည့် အဆောက်အအုံပေါင်း ၄၉ ခု၏ အပျက်အစီးများအောက် ရှင်သန်နိုင်သူများနှင့် ရုပ်အလောင်းများကို တွားသွားဝင်ရောက်ကာ ကယ်ထုတ်နိုင်ရေး ကြိုးစားလျက်ရှိသည်။

တိုက်အပြိုအပျက်အောက် ပိတ်မိနေသည့် မိသားစုများက Whatapp မှနေပြီး လာရောက်ကယ်ဆယ်ပေးရန် မက်ဆေ့ချ်များ ပို့ကြကြောင်း ဌာနေမီဒီယာများတွင် ဖော်ပြသည်။

မက္ကဆီကိုစီးတီး တစ်မြို့တည်းမှာပင် သေဆုံးသူပေါင်းက ၃၆ ဦးရှိသည်။ မိုရီလို့စ်ပြည်နယ်တွင် သေဆုံးသူ ၆၄ ဦးရှိပြီး ပီးဘလာမြို့တွင် ၂၉ ဦးနှင့် မက္ကဆီကိုပြည်နယ်အတွင်း  ကိုးဦးသေဆုံးသည်။

သေဆုံးသူက စုစုပေါင်း ၁၃၈ ဦးရှိကြောင်း အမျိုးသား မြို့ပြကာကွယ်ရေးညှိနှိုင်းရေးမှူး ဖီလစ်ပန်းတီက ပြောသည်။

၁၉၈၅ ခုနှစ်က သေဆုံးသူပေါင်း ၁၀၀၀၀ ကျော်ထက်မနည်းရှိခဲ့သည့် ငလျင်ကြီး နှစ်ပတ်လည် အခါသမယတွင် မြို့တော်တွင်း ငလျင်ကြိုတင်ကာကွယ်မှု လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေကြစဉ် ယခုငလျင်ကြီး လှုပ်ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required