လက်သန့်ဆေးရည် အသုံးပြုမယ်ဆိုရင်

လက်သန့်ဆေးရည် အသုံးပြုမယ်ဆိုရင်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

ဆေးကြောသန့်စင်မှုမရှိတဲ့လက်တွေကနေရောဂါပိုးတွေကူးစက်တယ်ဆိုတဲ့အချက်နဲ့လက်ကိုမကြာခဏဆေးကြောပေးတာက အရေးပါတဲ့ အချက်ဆိုတာကို တော်တော်များများသိရှိလာကြပြီဖြစ်ပါတယ်။ သာမန်ဖျားနာမှု၊ တုပ်ကွေးနဲ့ ဝက်တုပ်ကွေး (swine flu) လိုမျိုးရောဂါပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါတွေက ကိုင်တွယ်ထိတွေ့မှုတွေကနေတဆင့် ကူးစက်တတ်ပါတယ်။ တံခါး လော့ခ်တွေ၊ ကားထိုင်ခုံတွေ၊ တံခါးလက်ကိုင်၊ လှေကားလက်ရန်းတွေနဲ့ ထိတွေ့မိတဲ့အခါ အဆိုပါနေရာတွေမှာ ပြန့်နှံံ့နေတဲ့ ရောဂါပိုးတွေက ကူစက်လာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

အဆိုပါကူးစက်ရောဂါတွေကြောင့် ဖျားနာမှုတွေကနေ ကင်းဝေးစေဖို့အတွက် လူတွေက လက်မကြာခဏဆေးတာကို အလေ့အကျင့်တစ်ရပ်လိုမျိုး တက်တက်ကြွကြွလုပ်ဆောင်လာကြပါတယ်။ ရေရရှိနိုင်ဖို့ မလွယ်ကူတဲ့နေရာမျိုးမှာ လက်ဆေးကြောဖို့နဲ့ လက်မှာ ကပ်ညှိနေတဲ့ ရောဂါပိုးမွှားတွေကို နှိမ်နှင်းဖို့နဲ့ ရောဂါကူးစက်တာတွေကို ရပ်တန့်ဖို့အတွက် လက်သန့်ဆေးတွေကို အသုံးပြုလာကြပါတယ်။

လက်သန့်ဆေးရည်

လက်သန့်ဆေးရည်ဆိုတာက လက်ပေါ်မှာ အစက်ချပြီး ပွတ်လိုက်ရင် ရောဂါပိုး ၉၉.၉ ရာခိုင်နှုန်းအထိသေစေနိုင်တဲ့ စေးပျစ်တဲ့အရည်တစ်မျိုးဖြစ်ပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ ဆပ်ပြာတွေ မရရှိနိုင်တဲ့နေရာမှာ လက်သန့်စင်ဆေးကြောဖို့အတွက် တီထွင်ထားတာဖြစ်ပါတယ်။

ဘက်တီးရီးယားတွေ သေစေနိုင်တဲ့အစွမ်းရှိတယ်ဆိုတဲ့ Triclosan  ကို ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ လက်သန့်ဆေးရည်တော်တော်များများမှာ တွေ့ရပါတယ်။ Triclosan က ကောင်းကျိုးပြုတယ်ဆိုတာထက် အန္တရာယ်ဖြစ်စေတာက ပိုပါတယ်။ သည်ဓာတုဓာတ်က ဘက်တီးရီးယားတွေကို ဆေးယဉ်ပါးစေပါတယ်။

လက်သန့်ဆေးမသုံးခင် ဘာတွေသိထားသင့်သလဲ

  • အယ်လ်ကိုဟောပါဝင်မှုကိုစစ်ဆေးပါ –  လက်သန့်ဆေးဗူးမှာ ဘက်တီးရီးယားအားလုံးကို သုတ်သင်ပစ်နိုင်တယ်၊လို့ပါရှိပါတယ်။ လ်သန့်ဆေးရည်က ထိရောက်မှုရှိစေဖို့ဆိုရင် အယ်လ်ကိုဟောက ၆၀ ရာခိုင်နှုန်းထည့်သွင်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။အယ်လ်ကိုဟောပါဝင်မှုက ၅၉ ရာခိုင်နှုန်းပဲရှိမယ်ဆိုရင် လက်ပေါ်ကပိုးမွှားတွေကို သန့်စင်ပေးနိုင်မှာမဟုတ်တာကြောင့်  လက်သန့်ဆေးဝယ်ယူမယ်ဆိုရင် အယ်ကိုလ်ပါဝင်မှုကို သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။
  • ကလေးတွေအတွက် မသင့်တော်ပါဘူး – ကလေးတွေက မသန့်ရှင်းတဲ့အရာတွေကို ကိုင်တွယ်နိုင်မိချေပိုများသလို လက်တွေကို ပါးစပ်ထဲထည့်တာမျိုးတွေလုပ်လေ့ရှိတယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်ပါတယ်။ လက်သန့်ဆေးရည်တွေရဲ့ နောက်ဘက်မှာဖော်ပြထားတဲ့ အညွှန်းထဲမှာ ကလေးတွေမမီတဲ့နေရာမှာထားပါဆိုတဲ့ စာတန်းလေးပါတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကလေးတွေ အနေနဲ့ လက်သန့်ဆေးတွေကို ပါးစပ်ထဲထည့်မိမယ်ဆိုရင် ကလေးတွေအတွက်တော်တော်ကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေမှာ လက်သန့်ဆေးမှာပါတဲ့ အယ်လ်ကိုဟောအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ လက်သန့်ဆေးကို ပမာဏတော်တော်များများစားမိတဲ့အခါ အန္တရာယ်ရှိတဲ့အနေအထားဖြစ်ပေါ်နိုင်ပြီး ကလေးငယ်တွေမှာတော့ နည်းနည်းလေးလောက်စားမိတာနဲ့ကို အန္တရာယ်ရှိတဲ့အနေအထားမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ လက်သန့်ဆေးမှာပါတဲ့ အမွှေးနံံ့က ကလေးငယ်လေးတွေကို စားစရာလို့ထင်ပြီးစားမိတာမျိုးဖြစ်စေနိုင်တာကြောင့် လက်သန့်ဆေးတွေကို ကလေးငယ်တွေနဲ့ခပ်ဝေးဝေးမှာထားပါ

လက်သန့်ဆေးဝယ်တဲ့အခါ ဘယ်လိုရွေးချယ်ဝယ်ယူမလဲ

မိသားစုအတွက်အသုံးပြုဖို့ လက်သန့်ဆေးဝယ်ယူတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လက်သန့်ဆေးကိုဝယ်ယူနိုင်ဖို့ လက်သန့်ဆေးမှာပါတဝင်တဲ့ ပစ္စည်းတွေကိုသေချာဖတ်ရှု့ပြီး ဝယ်ယူဖို့ကအရေးကြီးပါတယ်။ လက်သန့်ဆေးဝယ်ယူတဲ့အခါ သတိထားရမယ့်ပစ္စည်းတွေအကြောင်း လက်လှမ်းမိသလောက်ဖော်ပြပေးလိုက်ပါတယ်။

ဖန်တီးထားတဲ့ရနံ့ – လက်သန့်ဆေးမှာပါတဲ့ မွှေးပျံ့တဲ့အနံ့က အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် အမွှေးနံ့တအားပြင်းတာမျိုးကိုရှောင်သင့်ပါတယ်။

Parabens – အလှကုန်နဲ့ဆေးဝါးတွေကို တာရှည်ခံအောင်လုပ်ဆောင်ရာမှာအသုံးပြုတဲ့ အရာတစ်ခုပါ။ ဒီ Parabens  ကရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။

Quaternary ammonia compounds – လက်သန့်ဆေးအချို့မှာပါဝင်တတ်တဲ့ Quaternary ammonia ဒြပ်ပေါင်းက မျိုးပွားစနစ်ကိုထိခိုက်စေနိုင်ပြီး ဖော်မယ်လ်ဒီဟိုက်တွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

Triethanolamine – Triethanolamine ကအသက်ရှုလမ်းကြောင်းကိုဓာတ်မတည့်မှုဖြစ်စေနိုင်ပြီး ကိုယ်ခံအားစနစ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

Phenoxyethanol – လက်သန့်ဆေးရည်မှာပါတဲ့ Phenoxyethanol ကဓာတ်မတည့်မှုကိုဖြစ်စေနိုင်သလို မျိုးပွားစနစ်ကိုလည်း အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

Ammonia – လက်သန့်ဆေးရည်မှာပါတဲ့ Ammonia ကလူသားတွေရဲ့ကိုယ်အင်္ဂါစနစ်တွေကိုအဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

လက်သန့်ဆေးရည်ဝယ်ယူတဲ့အခါ အထက်မှာဖော်ပြထားတဲ့ ဓာတ်ပစ္စည်းတွေမပါတဲ့လက်သန့်ဆေးမျိုးကိုရွေးချယ်ဝယ်ယူမိဖို့လိုပါတယ်။

လက်သန့်ဆေးရဲ့ ထိရောက်အသုံးဝင်မှုများ

လက်တွေညစ်ပေနေတယ်ဆိုရင် လက်တွေကို သန့်ရှင်းနိုင်မယ့် အကောင်းဆုံးသောနည်းလမ်း လက်သန့်ဆေးရည်အသုံးပြုတာပဲဖြစ်ပါတယ်။ လက်ကို လက်သန်ပဆေးရည်သုံးပြီး သန့်ရှင်းတာထက် ဆပ်ပြာနဲ့ရေကို သုံးပြီး သန့်စင်တာက ပိုကောင်းတယ်ဆိုပေမယ့် ရေနဲ့ ဆပ်ပြာကို အလွယ်တကူမရရှိနိုင်တဲ့ အနေအထားမျိုးမှာ လက်သန့်ဆေးရည်ကိုသုံးပြီး သန့်စင်တာက ပိုးမွှားတွေမကူးစက်နိုင်အောင်ကာကွယ်ပေးနိုင်ပါတယ်။

လက်ကို ထိထိရောက်ရောက်သန့်ရှင်းနိုင်စေဖို့ဆိုရင် အယလ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်နေတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုရမှာဖြစ်ပါတယ်။ အယ်လ်ကိုဟောပါဝင်နေတဲ့ လက်သန့်ဆေးရည်တွေက ရိုးရိုးဆပ်ပြာနဲ့ရေကို အသုံးပြုပြီး လက်ဆေးတာထက် ပိုးမွှားတွေ ကိုထိထိရောက်ရောက်နှိမ်နှင်းနိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လက်တွေကနေတဆင့် လူနာတွေဆီကို ရောဂါပိုးကူးစက်တာမျိုးမဖြစ်အောင် လက်သန့်ဆေးရည်အသုံးပြုပေးသင့်ပါတယ်။ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)  ကအကြံပြုထားပါတယ်။

လက်သန့်ဆေးရည်ကို နည်းစနစ်မှန်မှန်ဘယ်လိုအသုံးပြုမလဲ

လက်သန့်ဆေးရည်ကို ထိထိရောက်ရောက်အသုံးပြုချင်တယ်ဆိုရင်တော့ လက်သန့်ဆေးရည်မသုံးခင်မှာ လက်မှာ ကြီးကြီမားမား ညစ်ပတ်ပေရေနေတာမျိုးတွေမရှိအောင် အရင်လုပ်ရပါမယ်။ ထို့နောက် လက်ထဲကို လက်သန့်ဆေးရည်ထည့်ပြီး စက္ကန့် ၂၀ ကနေ ၃၀ အထိကြာအောင် လက်ချောင်းတွေ၊ လက်သည်းတွေနဲ့ လက်ဝတ်ရတနာတွေအောက်ဘက်ကိုပါသေချာရောက်အောင်ပွတ်တိုက်ပေးပါ။ လက်ကောက်ဝတ်နဲ့ လက်ဖမိုးတွေပေါ်ကိုပါပွတ်ပေးပါ။ လက်ကိုခြောက်အောင်ထားလိုက်ပါ။ လက်ကသန့်ရှင်းသွားတာကိုတွေ့ရမှာပါ။

လက်သန့်ဆေးသုံးပြီးတဲ့အခါ လက်ကိုရေနဲ့ဆေးတာမျိုး၊ တဘက်နဲ့သုတ်ပစ်တာမျိုးမလုပ်ပါနဲ့။ လက်သန့်ဆေးရဲ့ အာနိသင်မထိရောက်တာမျိုးဖြစ်သွားနိုင်ပါတယ်။

လက်သန့်ဆေးကြောင့် ဘာတွေထိခိုက်နိုင်သလဲ

ကလေးရဲ့ ကိုယ်ခံအားကို ကျဆင်းစေနိုင်ခြင်း

လက်သန့်ဆေးအသုံးပြုတာက  ကလေးငယ်တွေရဲ့ကိုယ်ခံအားစနစ်အပေါ်မှာ ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တယ်ဆိုတာကို Northwestern Research Center ကလုပ်ဆောင်ပြီး Science Daily မှာဖောြ်ပခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ ပါရှိပါတယ်။ လက်သန့်ဆေးကို အမြဲလိုလိုထိတွေ့မှုက ကလေးငယ်တွေကို နာမကျန်းဖြစ်စေသလို ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါမျိုးတွေခံစားရစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ပါတယ်။ အရမ်းကို သန့်ရှင်းလွန်းနေတဲ့ ပတ်ဝန်းကျင်က ကလေးငယ်တွေကို ကိုယ်ခံအားကျဆင်းစေတာမျိုးဖြစ်စေနိုင်ပြီး အသက်အရွယ်ကြီးလာတဲ့ချိန်အထိ ပတ်ဝန်းကျင်ကရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းနည်းပါးပြီး ကိုယ်ခံအားနည်းတာ၊  ဓာတ်မတည့်မှုတွေကို တုံ့ပြန်မှုပြင်းထန်တာမျိုးတွေကို ခံစားရတာမျိုးဖြစ်စေနိုင်ပါတယ်။

လက်သန့်ဆေးရည်မှာပါတဲ့ Triclosan ကကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်း

လက်သန့်ဆေးအချို့မှာ အယ်လ်ကိုဟောအစား triclosan  ကို အသုံးပြုကြပါတယ်။ triclosan က ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အာနိသင်နဲ့မှိုပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ triclosan ကိုဆပ်ပြာတွေနဲ့ သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ ဒီ triclosan ကပိုးမွှားတွေကို သေစေနိုင်တယ်ဆိုပေမယ့် အမြဲတစေ ထိတွေ့တဲ့အခါ ဘက်တီးရီးယာတွေက ပဋိဇီဝဆေးတွေကို ယဉ်ပါးသွားတာမျိုးဖြစ်စေနိုင်ပါတယ်။ triclosan ကိုအရေပြားကအလါယ်တကူစုပ်ယူပြီး သွေးကြောတွေထဲကိုရောက်ရှိသွားတဲ့အခါ ကင်ဆာ၊ ဓာတ်မတည့်တာတွေဖြစ်တာ (allergies)၊ ဟော်မုန်းနဲ့အရုံကြောဆိုင်ရာ ထိခိုက်မှုတွေ ကြွက်သားတွေအားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ မျိုးမအောင်တာမျိုးလည်းဖြစ်ပေါ်စေနိုင်ပါတယ်။

အဏုဇီဝပိုးတွေအပေါ်ထိခိုက်စေနိုင်ခြင်း

လက်သန့်ဆေးတွေမှာ Benzalkonium Chloride ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်လေ့ရှိပါတယ်။ အဆိုပါ ဒြပ်ပေါင်းရဲ့ အဓိကတာဝန်က ဘက်တီးရီယားတွေကို သုတ်သင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ဒြပ်ပေါင်းက ဆဲလ်တွေအတွက် မကောင်းသလို အကျိုးပြု အဏုဇီဝပိုးမွှားတွေအတွက်လည်းမကောင်းပါဘူး။ အဆိုပါ ဒြပ်ပေါင်းက အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ဓာတ်မတည့်တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီဒြပ်ပေါင်းက ငါးတွေနဲ့ငှက်တွေကို အဆိပ်ဖြစ်စေပါတယ်။

လက်သန့်ဆေးရဲ့ချိုတဲ့အနံ့က အဆိပ်အတောက်ဖြစ်စေနိုင်

လက်သန့်ဆေးရည်တွေမှာ ပါတဲ့အနံ့က နှစ်သက်စရာကောင်းတာက phthalates လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ထိုဒြပ်ပေါင်းတွက အစားအသောက်တွေမှာ အလွယ်တကူပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်ထဲကိုရောက်ရှိသွားပါတယ်။ ဒါကြောင့် အစားအသောက်တွေမစားခင်မှာ လက်ကိုဆပ်ပြာနဲ့မဆေးဘဲ လက်သန့်ဆေးရည်နဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ phthalates နဲ့အလွန်အကျွံထိတွေ့မှုက အမျိုးသမီးတွေမှာ မေါးလာတဲ့ကလေးငယ်တွေမှာစအိုပေါက်အနေအထားပုံမှန်မဟုတ်တာမျိုးတွေ့ရှိခဲ့ရသလို အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်စွမ်းကိုကျဆင်းစေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။

လက်က လုံးဝသန့်စင်သွားတာမဟုတ်ပါဘူး

လက်သန့်ဆေးအသုံးပြုပြီးတဲ့အခါ လက်ကသန့်သွားပြီလို့ခံစားရပေမယ့် အညစ်အကြေးတွေအားလုံးသန့်စင်သွားတာမဟုတ်ပါဘူး။ သကြားနဲ့အဆီတွေကြောင့်လက်မှာ ညစ်ပေမှုတွေက ဆပ်ပြာသုံးပြီးသန့်ရှင်းရေးမလုပ်ရင် မသန့်ရှင်းပါဘူး။ ထောပတ်အများကြီးပါဝင်တဲ့ ပြောင်းဖူးပေါက်ပေါက်လိုမျိုး အစာတွေစားပြီးတဲ့အခါမျိုးမှာ လက်သန့်ဆေးနဲ့သန့်စင်တာက လုံလောက်တဲ့သန့်စင်မှုကိုမပေးနိုင်ပါဘူး။

အရေပြားကိုပျက်စီးစေနိုင်ခြင်း

လက်သန့်ဆေးရည်တွေမှာ အစိုဓာတ်ထိန်းပေးတဲ့အာနိသင်ပါတယ်လို့ဆိုပေမယ့် မကြာခဏနဲ့အလွန်အကျွံအသုံးပြုမယ်ဆိုရင်တော့ အရေပြားကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။လက်သန့်ဆေးကို အလါန်အကျွံအသုံးပြုတာက အရေပြားခြောက်သွေ့ကြမ်းတမ်းမှုကိုဖြစ် ပေါ်စေနိုင်ပါတယ်။

UV Sensitivity ဖြစ်နိုင်ခြေကိုတိုးစေခြင်း

ပိုးမွှားတွေကို သေစေနိုင်တဲ့ လက်သန့်ဆေးရည်က အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်မခံနိုင်ခြင်း (UV Sensitivity) ဖြစ်နိုင်ခြေကို တိုးစေပြီး  နေလောင်မှုကိုဖြစ်စေပါတယ်။ လက်သန့်ဆေးအသုံးပြုထားစဉ်အတွင်း သဘာဝနေရောင်ခံတာနဲ့နေရောင်ခံစက်က ထွက်တဲ့ အပူချိန်တွေကို ခံတာမျိုးမလုပ်ပါနဲ့။

ဟော်မုန်းဓာတ်ပြုခြင်း

ပိုးမွှားတွေကိုသေစေနိုင်တဲ့ လက်သန့်ဆေးက သိုင်းရွိုက်ဟော်မုန်းတွေနဲ့ အက်စထရိုဂျင်ပမာဏတွေအပေါ်မှာ ထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ လက်သန့်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ triclosan ကကျန်းမာရေးအတွက် ဘေးကင်းရဲ့လားဆိုတာကို စိုးရိမ်မှုတွေရှိနေဆဲပါ။

ဆောင်ရန် ရှောင်ရန်နဲ့သတိပြုစရာအချက်တွေကိုသိရှိပြီး ရောဂါပိုးတွေကို ကာကွယ်ဖို့အတွက် လက်သန့်ဆေးရည်တွေကို ထိထိရောက်အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ပါစေကြောင်း

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly