ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှ ကောက်နုတ်ချက်

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှ ကောက်နုတ်ချက်

 

ရွာတွေမီးရှို့ခံရတာဒုက္ခသည်တွေအမြောက်အမြားထွက်ပြေးနေကြရတယ် ဆိုတဲ့သတင်းတွေကြောင့် ကမ္ဘာအနှံ့က ကျွန်မတို့ မိတ်ဆွေတွေအများအပြား စိုးရိမ်ပူပန်နေကြတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ကျွန်မ စောစောကပြောခဲ့သလိုပဲ စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှာ ပဋိပက္ခတွေနဲ့ တပ်ရဲ့နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ မရှိတော့ပါဘူး။  ကျွန်မတို့လည်း စိုးရိမ်ပူပန်ပါတယ်။

တကယ့်ပြဿနာအစစ်က ဘာလဲဆိုတာကို ကျွန်မတို့လည်း ရှာချင်ပါတယ်။ စွပ်စွဲမှုတွေ အပြန်အလှန်စွပ်စွဲမှုတွေရှိခဲ့ပါတယ်။ ဒါတွေအကုန်လုံးကို ကျွန်မတို့ နားထောင်ဖို့ လိုပါတယ်။ ဒီစွပ်စွဲမှုတွေအပေါ် အရေးယူဆောင်ရွက်မှုတွေ မလုပ်ခင်မှာ ဒါတွေဟာ ခိုင်မာတဲ့သက်သေအထောက်အထားတွေ ရှိမရှိကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။ တာဝန်ရှိသူတိုင်းကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေး အဆင့်အတန်း ခွဲခြားခြင်းမရှိဘဲ ပြည်တွင်းဥပဒေများနဲ့အညီ အရေးယူသွားမှာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူများကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံနိုင်မဲ့အတိုင်း အရေးယူသွားမှာဖြစ်ပါတယ်။

ကျွန်မတို့ဟာ ဒီနိုင်ငံမှာလူ့အခွင့်အရေးအပေါ် ဘယ်တုန်းကမှ ပျော့ပြောင်းသက်ညှာခဲ့တာ မရှိပါဘူး။ ကျွန်မတို့အစိုးရဟာ လူ့အခွင့်အရေးကို ကာကွယ်မယ်ဆိုတဲ့ သံန္ဓိဌာန်နဲ့တက်လာတဲ့အစိုးရ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုရာမှာလည်း နိုင်င်္ငံနယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြတဲ့ လူသားအားလုံးရဲ့ လူ့အခွင့်အရေးကို ဆိုလိုတာဖြစ်ပါတယ်။

အခုလို ရခိုင်အရေးကို ဇောင်းပေးပြောနေရတဲ့အချိန်အခါမှာ ကျွန်မ တစ်ခု သတိပေးလိုပါတယ်။ ကျွန်မတို့ နိုင်ငံအနောက်ပိုင်းမှာအရေးကြီးတဲ့ပြဿနာတွေ တပုံတပင် ရှိနေပါတယ်။ ပြည်တွင်းပဋိပက္ခတွေ ရှိနေတာကို ငြိမ်းချမ်းအောင် လုပ်နေရပါတယ်။

ငြိမ်းချမ်းရေးဆိုရာမှာလည်း ထာဝရတည်တံ့မဲ့ငြိမ်းချမ်းရေး ရေရှည်တည်တံ့ပြီး တန်းတူမျှတတဲ့ ဖွံ့ဖြိုးမှုရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်ရပါမယ်။  ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့အတွက် ကျွန်မ ရှင်တို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျွန်မတို့နိုင်ငံကို နှစ်ပေါင်းများစွာ ဖိစီးနှိပ်စက်နေတဲ့ပြဿနာတွေအတွက် ထာဝရတည်တံ့မဲ့ အဖြေရှာရာမှာ ဝိုင်းဝန်းပါဝင်ပေးကြပါ။ မနှစ်က သြဂုတ်လမှာ စတင်ခဲ့တဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မပြီးဆုံးသေးဘဲ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး အခက်အခဲပေါင်းများစွာကိုလည်း ကျွန်မတို့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒီအတွက် ကျွန်မ မအံ့သြမိပါဘူး။ ကမ္ဘာတဝှမ်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာလည်း ဒီလိုပဲ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ကြရပြီး တခါတရံမှာရှေ့ဆက်မတိုးနိုင်တာတွေ တခါတရံမှာ လုံးဝရပ်တန့်သွားတာတွေ ရှိခဲ့တာပါပဲ။

တခါတရံတော့လည်း ဘာမှမကျန်အောင် အကုန်လုံး တစစီပြိုလဲပျက်စီးသွားသလို ခံစားရတာတွေလည်းရှိခဲ့ပြီး နောက်ဆုံးကျတော့ ကျွန်မတို့အားလုံး လက်တွဲပြီး ရှေ့ဆက်လျှောက်နိုင်ခဲ့တာပါပဲ။ အခြေခံအားဖြင့်ပြောရရင် ကျွန်မတို့အားလုံး စစ်ကို မလိုချင်တော့ပါဘူး။  ငြိမ်းချမ်းရေးကိုသာ လိုချင်ပါတော့တယ်။ ပဋိပက္ခထက် သဟဇာတ ဖြစ်တာကိုပဲ လိုချင်ကြပါတယ်။ ဒါဟာ ကျွန်မတို့ပြည်သူတွေအားလုံးရဲ့ တူညီတဲ့မျှော်မှန်းချက်ပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု၊ သဟာဇာတနဲ့ တိုးတက်မှုဆိုတာ ကြီးမားတဲ့လုပ်ငန်းအစီအစဉ်တစ်ခုတော့ မဟုတ် ပါဘူး။ ဒါပေမယ့် ခက်ခဲတဲ့လုပ်ငန်းစဉ်တစ်ခုတော့ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ဒဏ်ရာအနာတရတွေကို ကုစားဖြေရှင်းဖို့  ကျွန်မတို့အားလုံး ရှေ့ကိုလှမ်းတက်ကြိုးပမ်းနေကြတဲ့ ခုလိုအချိန်မှာ ကျွန်မတို့ရဲ့ မျှော်မှန်းချက်တွေ ၊ ပြဿနာတွေကို နားလည်တဲ့ ၊ စာနာတဲ့ မိတ်ဆွေများကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့နဲ့ အတူ ဝိုင်းကူလုပ်ပေးကြပါ။ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ရှေးရှုတဲ့ ၊ သဟဇာတဖြစ်မှုကို ရှေးရှုတဲ့ လမ်းသစ်ကို ကျွန်မတို့ ရှာဖွေနေရာမှာ အပြုသဘောဆောင်တဲ့ ၊ အပေါင်းလက္ခဏာဆောင်တဲ့ ၊ နည်းလမ်းတွေနဲ့ ကျွန်မတို့ကို ဝိုင်းဝန်းကူညီစေချင်ပါတယ်။ ဒီနေရာမှာ အခ ုပဋိပက္ခဒဏ်ခံစားနေရတဲ့ နေရာကွက်ကွက်ကလေးကို မကြည့်ဘဲ တစ်နိုင်ငံလုံးအတွက် စဉ်းစားပေးကြပါ။ တစ်နိုင်ငံလုံးအနေနဲ့ ကြည့်မြင်မှသာ ကျွန်မတို့ တိုးတက်မှုကို ရနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျန်းမာတဲ့လူတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး ပြောချင်ပါတယ်။ လူတစ်ယောက် ကျန်းမာဖို့ ဘက်ပေါင်းစုံက ကျန်းမာရမှာဖြစ်ပါတယ်။ တစ်နေရာတည်းကွက်ပြီး နာဖျားမကျန်းမာတာကို ပြောနေလို့ မဖြစ်ပါဘူး။ ဘက်ပေါင်းစုံအထွေထွေကျန်းမာရေးကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒီလို နှိုင်းယှဉ်ပြောရတာဟာ ကျွန်မတို့အစိုးရ မနှစ်က အာဏာရလာပြီးကတည်းက ဆောင်ရွက်ခဲ့တဲ့   ဆောင်ရွက်ချက်တွေထဲမှာ တိုးတက်မှုအရှိဆုံး ကဏ္ဍတစ်ခုဖြစ်လို့ ခုလို ထည့်သွင်းနှိုင်းယှဉ်ပြောရခြင်း ဖြစ်ပါတယ်။

ပြည်သူ့ကျန်းမာရေးလုပ်ငန်းကို ဇောင်းပေးလုပ်လိုက်တာနဲ့ ကျန်တဲ့ ကျန်းမာရေးပြဿနာတွေ အလိုအလျောက် ဖြေရှင်းပြီးဖြစ်သွားတာကို တွေ့ခဲ့ရပါတယ်။ ဥပမာပြောရရင် HIV ကြောင့်သေဆုံးသူဦးရေ တစ်နှစ်အတွင်း ထက်ဝက်ထိအောင် ကျသွားခဲ့ပါတယ်။ ဒါဟာ HIV-AIDS ကိစ္စတစ်ခုတည်း မဟုတ်ဘဲ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတစ်ခုလုံးကို   ဇောင်းပေးဆောင်ရွက်ခဲ့လို့ ဖြစ်ပါတယ်။   ပြည်သူ့ကျန်းမာရေးလုပ်ငန်းဆိုတာ ပြည်သူအားလုံး လူ့အသိုင်းအဝိုင်းအားလုံးအတွက် ကျန်းမာရေး ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly